ကျောက်တစ်လုံးကြိုးပြင်ကာကွယ်တောသတ်မှတ်

ကျောက်တစ်လုံးကြိုးပြင်ကာကွယ်တောသတ်မှတ်

နေပြည်တော်  မတ်  ၁၉

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့်ဧရိယာ အကျယ်အဝန်း (၆၇၈.၁၉) ဧကရှိသောနယ်မြေကို  ကျောက်တစ်လုံး ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၂၉/၂၀၂၃)အရ ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်ကျော်(၉)ရက် (၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်) မှစ၍သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ကျောက်တစ်လုံးကြိုးပြင်ကာကွယ်တောသည် ပေါင်းလောင်းချောင်း၏ ရေဝေကြောတောင်တန်းတစ်ခုဖြစ်ပြီး အဝေရာဆည်၏ ရေဝေရေလဲသစ်တောများအား ထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

ကျောက်တစ်လုံးကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း   ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ အင်၊ နဘဲ၊ ဘင်္ဂ၊ ထောက်ကြံ့၊ လက်ပံ၊ သစ်ရာ၊ ရင်းတိုက်စသည့် သစ်မျိုးများပေါက်ရောက်နေပြီး တောဝက်၊ တောကြောင်၊ ယုန်၊  ရှဉ့်၊  ရစ်၊ ဘုတ်၊ ခါ၊ ငုံး၊  လင်းယုန်၊ ဇီးကွက်၊ သင်းခွေချပ်၊ လိပ်၊ လင်းမြီးဆွဲစသည့် တိရစ္ဆာန်များ၏  နေထိုင်ကျက်စားရာဒေသ ဖြစ်သည့်အပြင်  အဝေရာဆည်၏  ရေဝေရေလဲဧရိယာအား  ထိန်းသိမ်း နိုင်မည်ဖြစ်ခြင်း စသည့်  အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန