ကိုယ်ကျင့်တရားဖြူစင်ခြင်းသည် အောင်မြင်မှု၏ အုတ်မြစ်

ကိုယ်ကျင့်တရားဖြူစင်ခြင်းသည် အောင်မြင်မှု၏ အုတ်မြစ်

    လူသားများဟာ အမြဲတမ်း ဇာတ်လိုက်ဖြစ်ချင်ကြတာပါပဲ။ တကယ်တော့လည်း ကိုယ့်ဘဝမှာကိုယ်သာလျှင် ဇာတ်လိုက်ပါပဲ။ မိသားစုတစ်ခုမှာ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ အဖေအမေတို့က နွေးထွေးစွာ ကြိုဆိုကာ မေတ္တာအပြည့်အဝရသော အရေးပါသူကလေး တစ်ဦးဖြစ်သူများရှိသကဲ့သို့ တစ်ခါတစ်ရံမှာတော့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်အတွက် မိဘဆွေမျိုး အသိုင်းအဝိုင်းမှ မလိုချင်သော ကလေးတစ်ယောက်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝဟာ ကိုယ်သာလျှင် အားကိုးရာအဖြစ် ကြိုးစားရပ်တည်ရမှာဖြစ်ပါတယ်။

တချို့ဆို စွန့်ပစ်ခံရသော ကလေးများလည်း အများအပြားရှိနေပါတယ်။  ကလေးဟာ သူ့ဘဝအတွက် အပြင်းအထန်ကြိုးစား အားထုတ်ရမှာအမှန်ပါပဲ။

ဘေးပတ်ဝန်းကျင်မှ ပံ့ပိုးကူညီသူများရှိလျှင်တော့ အထိုက်အလျောက်တော့ သက်သာမှာပါ။ သို့ပေမယ့် ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာကြိုးစား အားထုတ်မှုကတော့ လျော့ကျလို့မရပါဘူး။ ကိုယ်တိုင်မကြိုးစားဘဲ ဘယ်အရာမှ အလွယ်တကူမရနိုင်ပါဘူး။

လူတစ်ယောက်ဟာ မျိုးရိုးဂုဏ်သိက္ခာ ရှိရမယ်လို့ ဆိုပေမယ့် အချို့သော ကလေးများ မွေးဖွားလာခြင်းဟာ သာမန်အခြေခံလူတန်းစားအဆင့်မှာ မွေးဖွားလာသော်လည်း သူတို့ကိုယ်တိုင်ကြိုးစား အားထုတ်မှု၊ သူ့ရဲ့ပတ်ဝန်းကျင်မှ ထောက်ပံ့ကူညီမှု၊  သူ့ရဲ့ကံအကျိုးပေး ကောင်းမွန်မှုတို့ကြောင့် အောင်မြင်ကျော်ကြားသူ၊ ချမ်းသာကြွယ်ဝသူ၊ ဂုဏ်ကျက်သရေနှင့်ပြည့်စုံသူများ ဖြစ်လာကြတဲ့သာဓကများ ခေတ်အဆက်ဆက်မှာ တွေ့မြင်မှတ်သားရပါတယ်။

ဟိုးအရင်ဇာတ်တော်ထဲက မာဂဓတိုင်း စမ္မာပြည်မှ မြို့စားကြီး သောဏဒဏ္တပုဏ္ဏားကြီးနှင့် မြတ်စွာဘုရားအမေးအဖြေ လုပ်တာလေး မှတ်သားမိသလောက် ပြောပြချင်ပါတယ်။ မြတ်စွာဘုရားက “ပုဏ္ဏားကြီး သင်တို့ပုဏ္ဏားလူမျိုးတွေမှာ ဘယ်လိုအင်္ဂါနဲ့ပြည့်စုံရင် ဂုဏ်ယူထိုက်သောသူလို့ သတ်မှတ်ပါသလဲ”လို့ မေးပါတယ်တဲ့၊ တစ်ဖက်သားရဲ့ စိတ်အလိုကို သိတော်မူလို့ ပုဏ္ဏားကြီး အလိုကျဖြစ်မယ့်မေးခွန်းကို မေးလိုက်တာပေါ့။  ပုဏ္ဏားကြီးလည်း ဝမ်းသာဂုဏ်ယူစွာဖြင့် မြတ်ဘုရားရဲ့ အမေးကိုဖြေပါတယ်။ “ရှင်တော်ဂေါတမ ဂုဏ်အင်္ဂါငါးမျိုးနဲ့ပြည့်စုံသူကို ကျွနု်ပ်တို့ ပုဏ္ဏားလူမျိုးတွေက   ဂုဏ်ယူထိုက်သောသူလို့ သတ်မှတ်ပါတယ်။ အဲဒါတွေကတော့-

(၁) မျိုးရိုးခုနစ်ဆက်အထိ ကိုယ့်လူမျိုးချင်းသာ အိမ်ထောင်ပြုပြီး ပေါက်ဖွားလာတဲ့ မျိုးရိုးက ဆင်းသက်သူဖြစ်ခြင်း၊

(၂)   ဗေဒင်ပညာမှာ တစ်ဖက်ကမ်းခပ် တတ်မြောက်သူဖြစ်ခြင်း၊

(၃) ရုပ်ရည်အဆင်းလှပတင့်တယ်သူဖြစ်ခြင်း၊

(၄) ကိုယ်ကျင့်တရား ကောင်းမွန်သူဖြစ်ခြင်း၊

(၅)  အရာဌာနအလိုက် အသိဉာဏ်ရှိသူဖြစ်ခြင်း ဆိုတဲ့အချက်တွေဖြစ်တယ်။       

    မျိုးရိုးကောင်းခြင်းတဲ့  မျိုးရိုးဟာ လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်လောက်ထိ အရေးပါပါသလဲ၊ ပါရမီပြည့်ပြီးတဲ့ အလောင်းတော်နတ်သားဟာ တုသိတာနတ်ပြည်မှာ နတ်စည်းစိမ် ခံစားနေချိန်မှာ နတ်ဗြဟ္မာများစုပေါင်းကာ “အလောင်းတော်နတ်သား ဘုရားဖြစ်ချိန်တန်ပါပြီ။ လူ့ပြည်ဆင်းပြီး ဘုရားဖြစ်တော်မူပါ”လို့တောင်းပန်ကြပါတယ်။ အဲဒီမှာ ဘုရားအလောင်းတော်ကလည်း ဘုရားပွင့်မယ့် အချိန်ကာလ၊ ဘုရားဖြစ်ရမယ့်ကျွန်း၊ ဘုရားဖြစ်ရမယ့် အရပ်ဒေသ၊ ဘုရားဖြစ်ရမယ့်မျိုးရိုးနဲ့ ဘုရားရှင်မယ်တော်ရဲ့အသက်အကြွင်းကိုကြည့်ပြီးမှ  တောင်းပန်ချက်ကို လက်ခံပါတယ်။ မျိုးရိုးကောင်းခြင်းဟာ ဘုရားရဲ့ဂုဏ်တော်ပါပဲ။    အောင်မြင်မှုကိုဘယ်သူ တစ်ဦးတစ်ယောက်ကမှ လုယူလို့မရပါဘူး။ ဖျက်ဆီးလို့ မရပါဘူး။

သို့ပေမယ့် မျိုးရိုးဂုဏ် ကောင်းမွန်တာချင်းအတူတူ မြတ်စွာဘုရားရှင်နဲ့ ဒေဝဒတ်ကို နှိုင်းယှဉ်လိုက်တဲ့အခါမှာ သာကီဝင်မင်းမျိုးမှ ပေါက်ဖွားလာခြင်း အတူတူပေမယ့် စရိုက်ဝါသနာနဲ့ လုပ်နည်းကိုင်နည်းကတော့ ဆန့်ကျင်ဘက် မိုးနဲ့မြေကွာခြားခဲ့တာကို သိမြင်နိုင်ပါတယ်။ ဂေါတမမြတ်စွာဘုရားက အရာရာမှာ ဉာဏ်ဦးစီးကာ လမ်းမှန်ကို ရှာဖွေကာ  လောကမှာ အတုမရှိစွယ်စုံပါရဂူ တစ်ပါးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့လူသားများသာမက နတ်ဗြဟ္မာများ အတွက် အားကိုးရာမြတ်နိုးရာ ကိုးကွယ်ဆည်းကပ်ရာ ဖြစ်ခဲ့ပါတယ်။ ဒေဝဒတ်ကတော့ သိကြတဲ့အတိုင်းပါပဲ အရာရာမှာ ခံစားချက် ဦးစားပေးပြီး ဘယ်သူ့ကို အနိုင်ယူဗိုလ်လုပ်ရင် ရမလဲ ရှာဖွေစည်းရုံးတယ်။ သူ့လုပ်ရပ်သူမှန်တယ်ထင်ပြီး အမျိုးမျိုးကြံစည်ပြီး အပြစ်ပေါင်းများစွာကို ကျူးလွန်ကာ  နောက်ဆုံးအဝီစိငရဲသို့ ကျရောက်သွားရတော့တာပါပဲ။

နောက်ဆုံးအချိန် နောင်တရပြီး မြတ်စွာဘုရားထံရှိခိုးဖူးမြော်ရန်   လာရောက်ခဲ့ပေမယ့်  ဘုရားထံ မရောက်ခင်မှာဘဲ မြေမျိုခဲ့ရပါတယ်။

လောကဇာတ်ခုံမှာ ဇာတ်လိုက်ဖြစ်ဖို့ ကြိုးစားအားထုတ်တဲ့အခါမှာ မိမိကိုယ်တိုင်ရဲ့ အရည်အသွေး လိုအပ်သလို ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်းတို့ရဲ့ ကူညီပံ့ပိုးမှုများလည်း လိုအပ်ပါတယ်။ ရုပ်ရှင်နယ်ပယ်မှာ ဆိုရင်တော့ အနုပညာဗီဇရှိရမယ်ပေါ့။ ဇာတ်လမ်းသဘာဝအရ ဇာတ်လိုက်အဖြစ် သရုပ်ဆောင်တဲ့အခါ ဗီဇပါရမီရှိရမှာဖြစ်သလို ဝါသနာ၊ အနစ်နာ၊ ကြိုးစားမှု၊ အားထုတ်မှုများ ရှိရမှာဖြစ်ပြီး နောက်ထပ်ဇာတ်ပို့ဇာတ်ရံတို့ရဲ့ ကူညီပံ့ပိုးမှု ဒါရိုက်တာ၊ ကင်မရာမန်း၊ မီးထိုး၊ မှန်ထိုး၊ အသံဖမ်းစသဖြင့် တစ်ဦးစီတစ်ယောက်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးပါပါတယ်။ စုပေါင်းအားနဲ့ အားထုတ်ရခြင်းပေါ့။   ပညာရှင်အများ စုစည်းမှုအားကောင်းမှသာ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်လာမှာဖြစ်ပါတယ်။ မည်သည့်နယ်ပယ်မဆို တတ်ကျွမ်းနားလည်သော ပညာရှင်အများစုစည်းပြီး    ဝိုင်းဝန်းပံ့ပိုးမှု အားကောင်းမှ၊     ညီညွတ်စွာ လုပ်ဆောင်ပါမှ

အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါမှသာ ဇာတ်ကားကောင်း တစ်ကားဖြစ်လာပြီး အဓိကသရုပ်ဆောင်နှင့် တကွ အားလုံးနာမည်ကောင်းရ ကြည့်ရှုသူပရိသတ် နှစ်ခြိုက်မှာဖြစ်ပါတယ်။ ဘယ်နေရာမဆို ပါရဂူမြောက်အောင် ကြိုးစားအားထုတ်ရမှာ   မိမိတို့ မတာဝန်ပဲဖြစ်ပါတယ်။ ဒါမှ မဇာတ်လိုက်ကောင်းဖြစ်မှာ မဟုတ်ပါလား။

ဘဝဇာတ်ခုံမှာလည်း   နေရာတစ်နေရာရဖို့ ကြိုးစားအားထုတ်ရသလို ရရှိပြီးသော နေရာကိုလည်း တည်မြဲဖို့ အရည်အချင်း ပြည့်စုံရမှာဖြစ်ပါတယ်။

အရည်အချင်းရှိရုံပင်မက အရည်အသွေး ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။    မလျှော့သောဇွဲနဲ့ မလျှော့တမ်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ စိတ်ဓာတ်အင်အား တည့်မတ်မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။

တစ်ခန်းရပ်ပြဇာတ်တွေ တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် ကပြကျော်လွှားရမှာကတော့ လောကသဘာဝပဲဖြစ်ပါတယ်။ ဘယ်အခန်းကို ဘယ်လိုကမလဲဆိုတာကတော့   ကိုယ့်ရဲ့ကိုယ်ကျင့်တရား ဖြူစင်ဖြောင့်မတ်ခြင်း၊   ကိုယ့်ရဲ့လုပ်ဆောင်မှု အရည်အသွေး အမြဲတောက်ပြောင်နေအောင် ထိန်းသိမ်း စောင့်ရှောက်ထားခြင်းတို့က အဆုံးအဖြတ် ပေးသွားမှာဖြစ်ပါတယ်။   ဘဝဇာတ်ခုံမှာ အောင်မြင်စွာ ကပြအသုံးတော်ခံနိုင်မှာဖြစ်ပါတယ်။

ကောင်းမွန်သောစာရိတ္တ (သို့) ကိုယ်ကျင့်တရား ဖြူစင်ခြင်းဟာ အောင်မြင်မှုရဲ့ အုတ်မြစ်လို့ ပညာရှင်များက ဆိုကြပါတယ်။   တန်ဖိုးရှိသော လူသားတစ်ယောက် ဖြစ်လာမှသာ မိမိဘဝမှာ ဇာတ်လိုက်ကောင်း တစ်ယောက်အဖြစ် အများက အသိအမှတ်ပြု ခံရမှာဖြစ်ပါတယ်။ ပြောင်းလဲလာသော ခေတ်ကာလအရ နည်းပညာပြောင်းလဲ တိုးတက်လာခြင်းကိုလည်း အစဉ်တစိုက် လေ့လာမှတ်သားပြီး တိုးတက်အောင် လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ခဲတံလေးတစ်ချောင်းလို ရေးလိုက်ချွန်လိုက်လုပ်နေရမှာ သဘာဝပဲ မဟုတ်ပါလား။ လက်ရှိကိုယ်ကျွမ်းကျင်ရာ နယ်မြေတစ်ခုဖြစ်သော်လည်း တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ မျက်ခြည်မပြတ် လေ့လာရင်း အဟောင်းထဲက သင့်တော်တာယူမယ် မသင့်တော်တာဖယ်ချန်ခဲ့ပြီး အသစ်အသစ်တွေ ဖန်တီးပြီး ကျွမ်းဝင်အောင်ပြုလုပ်ကာ ကိုယ့်ရဲ့တစ်ခန်းရပ်ပြဇာတ်ကို အောင်မြင်အောင် လှပစွာကပြရမှာပါပဲ။  ကိုယ့်ရဲ့စစ်မှန်သော အောင်မြင်မှုကို    ဘယ်သူတစ်ဦး တစ်ယောက်ကမှ လုယူလို့မရပါဘူး။ ဖျက်ဆီးလို့ မရပါဘူး။

အောင်မြင်မယ့်သူ တစ်ယောက်အတွက် ဘယ်သူတားတား သူ့နေရာသူရှိပြီးသား သတ်မှတ်ပြီးသားပါ။ အောင်မြင်ဖို့ကံ ပါလာသူတစ်ယောက်ဟာ နွံထဲက ကြာလိုပါပဲ သူ့အချိန်ကျရင် ဖူးလာမယ်၊ ပွင့်လာမယ်၊ ဝေဆာလှပလာမှာဖြစ်ပါတယ်။ ကမ္ဘာကျော်စာရေးဆရာကြီး ရှိတ်စပီးယားဟာ ကျေးလက်မှာ မွေးဖွားလာသူ တစ်ဦးဖြစ်ပြီး တက္ကသိုလ်ပညာ တတ်မြောက်သူ တစ်ဦးမဟုတ်ခဲ့ပါဘူး။ အတန်းပညာနည်းပါးစွာဖြင့် ကြီးပြင်းခဲ့ပါတယ်။  ဝီလျံရှိတ်စပီးယား ဆယ့်ရှစ်နှစ်လောက်မှာ သူ့ထက်ကြီးသော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ကာ    ပထမကလေးတစ်ယောက်၊ နောက်အမြွှာကလေးနှစ်ယောက်   မွေးဖွားတော့ မိသားစုစားဝတ်နေရေး အဆင်မပြေတော့ မြို့တက်ပြီး အလုပ်ရှာရတော့တာပေါ့။ အနုပညာဝါသနာပါသူ ရှိတ်စပီးယားဟာ လန်ဒန်က ပြဇာတ်ရုံကြီးကိုရောက်ရှိလာပြီး အောက်ခြေအလုပ်ကြမ်းသမား အဖြစ်နဲ့ စတင်အလုပ်လုပ်ခဲ့ပါတယ်။

ပြဇာတ်လောကထဲရောက်လာတဲ့ ရှိတ်စပီးယားဟာ လက်လှမ်းမီသလောက် စာပေဖတ်ရှု လေ့လာရင်း သူ့ဘဝကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်လာအောင်မြှင့်ခဲ့သူပါ။ ရှေးဟောင်းစာတိုပေစ၊ ကဗျာလင်္ကာများ၊ ပြဇာတ်စာပေများ ဖတ်ရှုလေ့လာရင်း သူ့ရဲ့ဘဝဇာတ်လမ်းကို ဇာတ်လိုက်လုပ်ခဲ့တာပေါ့။    အချိန်တစ်ခု အကြာမှာတော့ ပြဇာတ်ကောင်းများကို ဖန်တီးလာနိုင်ပြီး   လန်ဒန်ရဲ့ပြဇာတ်လောကမှာ ထင်ရှားလာခဲ့ကာ      ထိပ်ဆုံးရောက်ရှိလာခဲ့ပါတယ်။

ရှိတ်စပီးယားရဲ့ ပြဇာတ်တွေဟာ စကားလုံးပြောင်မြောက်ခြင်း၊ ဇာတ်လမ်း အချိတ်အဆက်မိခြင်း၊ သက်ဝင်သော ဇာတ်ကောင်များ ပါဝင်ဖွဲ့စည်းထားခြင်း တို့ကြောင့် ပြဇာတ်ကြည့်ပရိသတ်များ သဘောကျ နှစ်ခြိုက်ကာ အကောင်းဆုံး အတော်ဆုံးအဖြစ် ကမ္ဘာကျော်ခဲ့ခြင်းဖြစ်ပါတယ်။ သူ့ဘဝရုပ်ရှင်မှာ သူဇာတ်လိုက်ဖြစ်ခဲ့တာပေါ့။ ဟိုးအရင်ခေတ်ကနေ ယခုအချိန်အထိ ထင်ရှားကျော်ကြားသူ တစ်ဦးအဖြစ်ရပ်တည်ခဲ့ပါတယ်။ သူ့နေရာ သူ့အောင်မြင်မှု သူ့အရည်အချင်း မည်သူမှလုမယူနိုင် အစားထိုးလို့ မရနိုင်အောင် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကျွန်မတို့တစ်တွေကော ကိုယ့်ရုပ်ရှင်အတွက် ကိုယ်ဇာတ်လိုက် လုပ်ကြတဲ့အခါ ရိုးရိုးသားသား မှန်မှန်ကန်ကန်နဲ့ ဖြူစင်စွာ အလုပ်လုပ်ကြမယ် ဆိုရင်ဖြင့် မှန်ကန်တဲ့ဘဝ တစ်ခုရရှိပြီး ဇာတ်လိုက်ကောင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးစလုံး ကောင်းမွန်အောင် ဆောက်တည်နိုင်ရင်  ကောင်းသောအကျိုး ရရှိပြီး အဖိုးတန်တဲ့ ဘဝအဓိပ္ပာယ်များ ပြည့်စုံတဲ့ဘဝအဖြစ်၊ ကိုယ့်ဘဝမှာ  ကိုယ်ဟာဇာတ်လိုက်ကောင်း အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။   ။

ချယ်ချယ်(YU)