မြစိမ်းရောင်ချေးငွေများပြန်လည်ထုတ်ချေး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် စစ်ငန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ပဉ္စမအကြိမ်ချေးငွေများ ပြန်လည်ထုတ်ချေးခြင်းကို မတ် ၁၉ ရက်တွင် အဆိုပါကျေးရွာရှိ ဘက်စုံသုံးခန်းမဆောင်၌ ဆောင်ရွက်သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက စစ်ငန်းကျေးရွာရှိရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင်လုပ်ငန်း အဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရခြင်း ရည်ရွယ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ အသင်းသား၊ အသင်းသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးတင့်ထွန်းက စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများ၊ စီမံကိန်းစက်ဝန်း သတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံတို့၏ကြီးကြပ်မှုဖြင့် စစ်ငန်းကျေးရွာ မြစိမ်းရောင်လုပ်ငန်း အဖွဲ့ဝင်များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၄ ဦးထံသို့ ချေးငွေကျပ်၂၂ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦးထံသို့ ချေးငွေကျပ် ၁၅ ဒသမ ၉ သန်း၊ စုစုပေါင်းအသင်းသား၊ အသင်းသူ ၆၇ ဦးထံသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၈ သန်းကို ထုတ်ချေးပေးကြောင်း သိရသည်။
ကိုနိုင်(ကျေးလက်)