ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ နွေရာသီ သင်တန်းများဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ နွေရာသီ သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ မတ် - ၂၀

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများ တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထား တတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတ ရစေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမ နှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ် ၍  တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင်  ကျောင်းသား၊ ကျောင်းသူများအား အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အခြေခံရေကူးသင်တန်း၊ မြန်မာ့သိုင်းသင်တန်းနှင့် အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြ သည်။

ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိ ဗလမင်းထင်ခန်းမ၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို လည်းကောင်း၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးလိမ္မာသင်တန်းကို လည်း ကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျခန်းမ၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းကိုလည်းကောင်း၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေး လိမ္မာသင်တန်း၊ ဘောလုံးအခြေခံသင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းတို့ကို လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးလိမ္မာသင်တန်းနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ ပမ္မဝတီရေတပ်စခန်းဌာနချုပ်ခန်းမ၌ မြန်မာ့သိုင်းအခြေခံသင်တန်း တို့ကို လည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပေးကြသည်။

သင်တန်းဖွင့်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။ ဖွင့်ပွဲများတွင် တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သင်တန်းဖွင့်အမှာ စကားများ ပြောကြားကြပြီး သင်တန်းနှင့်ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများနှင့် စာရေး ကိရိယာများကို ပေးအပ်ကြသည်။  ထို့နောက် တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ နှင့်တာဝန်ရှိသူများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သင်တန်းများဖွင့်လှစ်သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌လည်း တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား နွေရာသီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်း ရရှိသည်။