ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းရတနာတို့စုဝေးရာ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၂၁ ရက်)

ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းရတနာတို့စုဝေးရာ

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအထွန်းကားဆုံး နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားပြည်သူလူထုအပေါင်းမှာ အေးအတူပူအမျှ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိသည်။ စပါးဆန်ရေကျောက်သံပတ္တမြားတို့မှာလည်း အလျှံပယ်ထွက်ရှိသည့်အတွက် ကမ္ဘာတွင် နေထိုင်ချင်စရာကောင်းသော တိုင်းပြည်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သယံဇာတများကို အင်္ဂလိပ်နယ်ချဲ့တို့ နှစ်ပေါင်းတစ်ရာကျော်ကြာ ထုတ်ယူသုံးစွဲသွားခဲ့သည်မှာ တွေးကြည့်လျှင် ရင်နာဖွယ်၊ နာကြည်းဖွယ်ကောင်းလှသည်။

မြန်မာနိုင်ငံတွင် ကျောက်မျက်တွင်းထွက်ရတနာ အမျိုးအစားပေါင်း ၇၅ မျိုးအထိထွက်ရှိကြောင်း လေ့လာသိရှိရသည်။ ထိုရတနာ များကို ပြပွဲများကျင်းပကာ နိုင်ငံတော်ဘဏ္ဍာရရှိရေးအတွက် စတင်ဆောင် ရွက်နိုင်ခဲ့သည်မှာ ၁၉၆၄ ခုနှစ်ကဖြစ်သည်။ ပထမဆုံး အကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ စတင်ကျင်းပခဲ့သည်။ ပထမဆုံး အကြိမ် မှ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပြပွဲပေါင်း ၃၁ ပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ပင် ကျင်းပခဲ့သည်။

၁၉၉၃ ခုနှစ် နှစ်လယ်ပြပွဲမှ ၂၀၀၆ ခုနှစ် မတ်လ (၄၃)ကြိမ်မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၅ ပွဲကိုရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲခန်းမ၌ပင်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်၊ ဇူလိုင် အထူးပြပွဲမှ ၂၀၁၀ ပြည့်နှစ် ဇွန်၊ ဇူလိုင် အထူးပြပွဲအထိ ပြပွဲပေါင်း ၁၃ ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ကျင်းပခဲ့သည်။ ခေတ်အဆက်ဆက် နိုင်ငံခြားငွေများဖြင့် ရောင်းချခဲ့သည့် ကျောက်မျက်ပြပွဲပေါင်း ၉၆ ပွဲ၊ မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ပြပွဲပေါင်း ၂၉ ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုပွဲများအနက်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ နှစ်လယ်ပြပွဲမှစတင်၍၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲအထိ ပြပွဲ ၁၇ ပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။၂၀၂၂ ခုနှစ် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိကျင်းပခဲ့ပြီး ပုလဲအတွဲ ၃၃၀ တွဲ၊ ကျောက်မျက်အတွဲ ၅၄ တွဲ၊ ကျောက်စိမ်းအတွဲပေါင်း ၁၃၃၅ တွဲအား ပြည်တွင်းပြည်ပ ရတနာကုန်သည်များက ဝယ်ယူခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၁၇ ရက် နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။   နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့တက်ရောက်လာကြသူများသည် ကျောက်မျက်ရတနာ ပြပွဲ၌ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုကြသည်။ ထို့နောက်ပုဂ္ဂလိက ကျောက်မျက်အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံ ကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှထွက်ရှိသည့် ၃၅ တန်ရှိ ကျောက်စိမ်းတုံးကြီးနှင့် ကျောက်စိမ်းရိုင်းအတွဲများ ကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်အထိ ခင်းကျင်းပြသ ရောင်းချမည်ဖြစ်သည်။

(၅၈)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ရောင်းချပေးမည်ဖြစ်သည်။ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထား ရှိပြီး ပြည်ပရတနာကုန်သည်များအား အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာ ကုန်သည်များအား ဈေးကွက်ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်သည်။

ကျောက်မျက်ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊  ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည် ဖြစ်သည်။ နိုင်ငံခြားငွေဖြင့်သာ ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက်   ပြည်တွင်း ပြည်ပရတနာ ကုန်သည်များက ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော  မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊  ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို သို့မဟုတ် ယူရိုငွေနှင့်ညီမျှသော အမေရိကန်ဒေါ်လာ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်သည်။ ထို့ပြင် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များဖွင့်လှစ်ထားရာ လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက် ရှိပါသဖြင့် စာဖတ်ပရိသတ်များအနေဖြင့်လည်း လာရောက်လေ့လာစေလိုကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။