ကျောက်ဆည်မြို့၌ ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ကျောက်ဆည်မြို့၌ ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ကျောက်ဆည်၊ စိုက်ပျိုးစီးပွား

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆည်ရေသောက်စနစ် အသုံးပြုကာ စပါးကို    အဓိကထား စိုက်ပျိုးကြသော်လည်း ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် ကိုင်းကျွန်းမြေများ၌ နှစ်ရှည်သီးနှံများ၊ ကာလတို၊ ကာလ ရှည်သီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

ကီလိုမာလကာသည် စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတမ်းဝင်အသီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်း၊ လက်ကား ဝယ်ယူသူများက ခြံအထိလာရောက်ဝယ်ယူခြင်းများရှိသကဲ့သို့   လက်ကားဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် ငွေကျပ် ၁၀၀၊ ၁၂၀ ဖြင့် ရောင်းချရပြီး လက်လီအနေဖြင့် တစ်လုံးလျှင် ငွေကျပ် ၁၇၀ ဖြင့် ရောင်းချရကြောင်း သိရသည်။

ကီလိုမာလကာစိုက်ပျိုးရာတွင် လေဝင် လေထွက်ကောင်းပြီး အပင်များသန်မာကာ အသီးများကြီးထွားစေရန် တစ်ပင်နှင့်တစ်ပင်  ၁၂  ပေခြားပြီး  တစ်တန်းနှင့် တစ်တန်း ၁၅ ပေခန့်ခွာ၍   စိုက်ပျိုးရ ကြောင်း၊   စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် ရောင်းတမ်းဝင်အသီးများ စတင်ဆွတ်ခူးရောင်းချ၍ရကြောင်း၊ အသီးများလှစေရန်နှင့် သီးလုံးဖောက်ပိုးများ မဝင်စေရန် ဆွတ်ခူးရန်နှစ်လအလိုတွင်   မာလကာ သီးများကို စက္ကူဖြင့်ပတ်ပြီး ပလတ်စတစ်အိတ်များ စွပ်ပေးရကြောင်း၊ ကီလိုမာလကာစိုက်ပျိုးရာတွင် သွင်းအားစုစရိတ် နည်းပါး သောကြောင့်  စိုက်ပျိုးသင့်ကြောင်း  သိရသည်။

သက်မောင်(ခရိုင်၊ ပြန်/ဆက်)