စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၈၈)

ဘုရင်ဟာ သူ့ကိုအကြံပေးဖို့ အကြံပေးအဖွဲ့ဝင် ၁၉ ဦး ခန့်ထားတယ်။ ၅ ဦးက တပ်မတော်အငြိမ်းစား အကြီးတန်းအရာရှိတွေ၊ ၅ ဦးက ဥပဒေ ပညာရှင်တွေ၊ ၈ ဦးက ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေ၊ ၁ ဦးက ပညာရေးကျွမ်းကျင်သူ၊ ဒီထဲမှာ ဝန်ကြီးချုပ်ဟောင်း ၂  ဦး ပါတယ်။ ဒီလူတွေရဲ့အတွေ့အကြုံကိုလည်း ဘုရင်က လေးလေးစားစားရယူတယ်။ ပြီးတော့ ဘုရင်က ဘက်စုံသုံးသပ်နိုင်သူ တစ်ယောက်ဖြစ်နေတာကလည်း  ထိုင်းနိုင်ငံအတွက် ကံကောင်းခြင်းပါပဲ။

လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရွေးချယ်ရာမှာလည်း ကျေးလက်ဖွံ့ဖြိုး ရေးအတွက် အသေးစားများကို သီးခြားစဉ်းစားပြီး အကြီးစား ဓာတ်အား ပေးစက်ရုံကြီးတွေကို စီမံချက်နဲ့ အကောင်အထည်ဖော်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ကွာတာက မြန်မာနိုင်ငံက တော်လှန်ရေး ကောင်စီခေတ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် နိုင်ငံတော်ကောင်စီခေတ်မှာ လယ်ယာစိုက်ပျိုးရေးကို ဦးတည်ပြီး ဆည်တွေကိုသာ ဦးစားပေးတည်ဆောက်ခဲ့တယ်။ ထိုင်းနိုင်ငံ က အကြီးစားရေအားလျှပ်စစ်တွေ ဦးစားပေးပြီး လယ်ယာစိုက်ပျိုးရေးနဲ့ မြို့ရေပေးရေးကို တွဲခေါ်သွားတယ်။ အုပ်ချုပ်သူ ဘယ်လိုစဉ်းစားသလဲဆို တဲ့အချက်က နိုင်ငံရဲ့ရှေ့ရေးကို အဆုံးအဖြတ်ပေးတာပါပဲ။ ၁၉၅၈ ခုနှစ် လောက်အထိ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဆန်အရောင်းရဆုံး နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက ဒုတိယနေရာမှာရှိတယ်။ သူ့နိုင်ငံရဲ့ ဧရိယာ အကျယ်အဝန်းက  ၅၁၃၁၂၃  စတုရန်းကီလိုမီတာရှိပြီး  မြန်မာနိုင်ငံက ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိတယ်။ မြန်မာနိုင်ငံရဲ့ လေးပုံသုံးပုံ လောက်ပဲရှိတယ်။  ဒါပေမဲ့  ၁၉၇၀ ပြည့်နှစ်လောက်ကစလို့  ဆန်ရောင်းချမှုမှာ ထိုင်းနိုင်ငံက ဗိုလ်စွဲသွားပြီး မြန်မာနိုင်ငံက ဒုတိယနေရာ ရောက်သွားတယ်။ တကယ်နှိုင်းယှဉ်ကြည့်ရင် သူ့မှာက ကြီးကြီးမားမားမြစ် ဆိုလို့ မဲခေါင် (Mekong) နဲ့ ကျောက်ဖုရား (Chao Phraya) မြစ်နှစ်ခု ပဲရှိတယ်။ ကျောက်ဖုရားမြစ်တစ်ခုပဲ နိုင်ငံထဲမှာ မည်မည်ရရဖြတ်စီး နေတာပါ။  စစ်တောင်းမြစ်သာသာလောက်ပဲရှိတာပါ။  ထိုင်းနိုင်ငံက ကျောက်ဖုရားမြစ်ရဲ့အစဟာ မြန်မာ-လာအိုနယ်စပ်တွေကနေ မြစ်ဖျား ခံလာတယ်။ ပင်းမြစ် (Ping)၊ ယွန်မြစ် (Yom)၊ နမ်မြစ် (Nam) နဲ့ အောက်ဘက်ရောက်တော့ ပဆပ်မြစ် (Pa Sak) တွေဟာ ကျောက်ဖုရား မြစ်ရဲ့လက်တက်တွေပါပဲ။ ကျောက်ဖုရားမြစ်ဟာ  ၃၇၂  ကီလိုမီတာ (၂၃၁ မိုင်)  သာ ရှည်လျားပါတယ်။ မြန်မာနိုင်ငံက ဧရာဝတီမြစ်ဟာ ၁၃၇၃ မိုင် ရှည်လျားပါတယ်။ မဲခေါင်မြစ်ဆိုတာကလည်း ထိုင်းနိုင်ငံထဲ မှာ သီးခြားစီးဆင်းသွားတာမဟုတ်ပါဘူး။ လာအိုနဲ့ နယ်ခြားမြစ်အဖြစ် သာ စီးနေတာပါ။ ထိုင်းနိုင်ငံထဲက မြစ်လက်တက်ကြီး ၅ ခုသာ မဲခေါင် မြစ်ထဲကို စီးတာပါ။

အဓိကဖော်ပြလိုတာက မြန်မာနိုင်ငံမှာ မြစ်ကြီးလေးသွယ်နဲ့ မြစ်ငယ် ပေါင်းများစွာရှိနေပြီး  နိုင်ငံရဲ့ဧရိယာဟာလည်း ထိုင်းနိုင်ငံထက်  ၂၅ ရာခိုင်နှုန်းလောက် ပိုကျယ်နေပေမယ့် မြန်မာနိုင်ငံဟာ ဆန်ရောင်းချမှုအများ ဆုံးနေရာက ဆင်းပေးခဲ့ရတာဟာ -

            (က) ရေအရင်းအမြစ်စီမံခန့်ခွဲမှု အားနည်းခြင်း၊

            (ခ) စိုက်ပျိုးနည်းစနစ် ခေတ်နောက်ကျခြင်း၊

            (ဂ) ဆန်အရည်အသွေးကို မမြှင့်တင်နိုင်ခြင်း၊

            (ဃ) နိုင်ငံတကာဈေးကွက်ထိုးဖောက်မှု အားနည်းခြင်း၊

ဆိုတဲ့ အားနည်းချက်တွေရှိနေလို့ပါပဲ။ အခုဆိုရင် ဗီယက်နမ်နိုင်ငံ (စတုရန်းကီလိုမီတာ  ၃၃၁၂၁၀  သာရှိပြီး  မြန်မာ့အကျယ်အဝန်းရဲ့ ထက်ဝက်သာရှိသောနိုင်ငံ)  က အရှေ့တောင်အာရှမှာ  ဆန်ရောင်းချမှု မှာ ထိပ်ဆုံးရောက်ပြီး  မြန်မာနိုင်ငံက  တတိယအဆင့် ရောက် သွားပါပြီ။

ထိုင်းနိုင်ငံက လျှပ်စစ်ကို ဘယ်လိုစီမံနေသလဲ

ထိုင်းနိုင်ငံမှာ ၁၉၈၆ ခုနှစ်မှာ တစ်နိုင်ငံလုံး ဓာတ်အားပေးစက်ရုံ အားလုံးပေါင်းရဲ့ တပ်ဆင်အင်အားဟာ ၇၀၀၀ မဂ္ဂါဝပ်ရှိခဲ့ပြီး ၂၅ နှစ် အကြာ ၂၀၁၁ ခုနှစ်မှာ ၂၉၀၀၀ မဂ္ဂါဝပ်အထိ တိုးတက်အောင် ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရောက်တဲ့အခါ (လာအိုမှ ဝယ်ယူသုံးစွဲမှု အပါအဝင်) ၄၁၇၂၃ မဂ္ဂါဝပ်အထိ တိုးတက်နေပြီဖြစ်ပါတယ်။ ပြန်ကြည့် ရင် ၁၉၈၆ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ မဂ္ဂါဝပ် ၁၁၂၀ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ်အထိ မဂ္ဂါဝပ် ၁၁၈၀ ဒသမ ၀၇၂ သာရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၅၀၁၁ ဒသမ ၂၇၂ ဖြစ်လာတဲ့အတွက် ၂၇ နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ တိုးတက်မှု ၁၄၁ ဒသမ ၉ မဂ္ဂါဝပ်သာ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ သူ့ နိုင်ငံကို  ၂၀၁၀  ပြည့်နှစ်မှာ  ရာနှုန်းပြည့်ဓာတ်အားရရှိစေမယ်ဆိုတဲ့ ပန်းတိုင်ကို မျက်ခြည် မပြတ်စေဘဲ လုပ်ခဲ့တာဖြစ်လို့ ယခု တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဓာတ်အားရရှိနေပါပြီ။

EGAT ဆိုတာဘာလဲ

ထိုင်းနိုင်ငံမှာ ဓာတ်အားပေးရေးအတွက် မြို့တော်ဗန်ကောက် ဧရိယာမှအပ Electricity Generation Authority of Thailand (EGAT) က ဆောင်ရွက်ပါတယ်။ ဒီအဖွဲ့ကြီးကို အုပ်ချုပ်သူ (Governor) တစ်ဦးက ဦးဆောင်ပါတယ်။ Governor ရဲ့အုပ်ချုပ်မှု အောက်မှာ ဖော်ပြထားတဲ့ဌာနကြီးများကို  ဖွဲ့စည်းထားပြီး Deputy Governor တစ်ဦးစီက ဦးဆောင်ပါတယ်။

EGAT အုပ်ချုပ်မှုအောက်မှ ဌာနကြီးများ

၁။         Policy and Planning

၂။         Account and Finance

၃။         Administration

၄။         Corporate Social Affair

၅။         Power Plant Development

၆။         Transmission System Development

၇။         Generation

၈။         Business Development

၉။         Fuel

၁၀။      Transmission Development

၁၁။       Advisors

၁၂။       Office of Governor

၁၃။       Internal Audit

 ဆက်လက်ဖော်ပြပါမည်။