ရွှေဖီဦးလက်ဖက်ရွက်သစ်များ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေ

ရွှေဖီဦးလက်ဖက်ရွက်သစ်များ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေ

ပင်လောင်း၊ စိုက်ပျိုးစီးပွား

ရွှေဖီဦးလက်ဖက်ရွက်သစ်များ စတင်ထွက်ရှိချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ ဝန်းကျင်အထိ ဈေးကောင်းရရှိနေကြောင်း လက်ဖက်စိုက်ပျိုးရောင်းချသူများ၏ပြောပြချက်အရ သိရသည်။

“ရွက်ဟောင်းတွေက ဖေဖော်ဝါရီလထဲမှာ ကုန်သွားပါပြီ။ လက်ရှိ ရွှေဖီဦးလက်ဖက်ရွက်သစ်တွေ စထွက်နေတဲ့အတွက် စရောင်း နေပါပြီ။ ရွှေဖီဦးလက်ဖက်ရွက်သစ်က မတ်လလယ်မှာ စထွက်တာပါ။ ဒီအချိန်က တစ်နှစ်လုံးလှောင်ထားမယ့်သူတွေ အဝယ်များ တယ်။ ဈေးကောင်းလည်း ရနေတယ်။   လက်ဖက်ခြောက်က တစ်နှစ်လုံးနီးပါးရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရောင်းအားကောင်းပြီး  ဈေးကောင်းရခဲ့တယ်” ဟု ရှမ်းပြည်နယ်  (တောင်ပိုင်း)  ပင်လောင်းမြို့နယ်မှ လက်ဖက်စိုက်ပျိုးရောင်းချသူ ဒေါ်နီလာက ပြောသည်။

လက်ဖက်ပေါ်ဦးပေါ်စအချိန်ဖြစ်သည့် မတ်လလယ်မှ သင်္ကြန်ကာလမတိုင်မီအထိ ရွှေဖီဦးလက်ဖက်များ စတင်ထွက်ရှိကာ သင်္ကြန် ကာလပြီးဆုံးချိန်တွင် ရွှေဖီမိုးလွတ် များ စတင်ထွက်ရှိလေ့ရှိသည်။

လက်ဖက်ခြောက်ပြုလုပ်ရာတွင် ဆွတ်ခူးပြီး လက်ဖက်များကိုပေါင်း၍ နေလှန်းရကြောင်း၊ နေပူရှိန်ကောင်းစွာမရရှိသော လက်ဖက်များမှာ လက်ဖက်ခြောက်အဖြစ် သို့မရောက်ဘဲ အချိုခြောက် သို့မဟုတ် လက်ဖက်စို၊ လက်ဖက်စိမ်းအနေဖြင့်သာ ရရှိနိုင် ကြောင်း သိရသည်။

ပြည်တွင်း၌ လက်ဖက်စိုက်ပျိုးခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုမှအပ တစ်နိုင်ငံလုံး၌ စိုက်ပျိုးလေ့ရှိပြီး အဓိက အားဖြင့် ရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးကာ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌လည်း အများအပြား စိုက်ပျိုး ကြောင်း သိရသည်။

နဒီ