(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၇၇ တွဲ ရောင်းချနိုင်

 (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၇၇ တွဲ ရောင်းချနိုင်

နေပြည်တော်  မတ်  ၂၀

    (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်   မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့်   ကျောက်စိမ်း၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။

ပြပွဲပဉ္စမနေ့တွင်ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲအနက် ကျောက်စိမ်းအတွဲအမှတ်  (၁) မှ (၇၅၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၇၅၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ  မတ် ၂၁ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင်   ပြည်တွင်း၊  ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ် ၁၈ ရက် မှ ၁၉ ရက်အထိ  ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း  ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက် အတွဲပေါင်း  ၇၇   တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ထို့ပြင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို မတ် ၂၁ ရက်မှ  ၂၃ ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်း ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပသည့်   (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ ရရှိရန်နှင့် နိုင်ငံသားများ အတွက်  စီးပွားရေး အကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ် သည်။