သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းပို့ချ

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းပို့ချ

ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း(လူငယ်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို မတ် ၂၀ ရက်တွင်  မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန  ညွှန်ကြားရေးမှူး  ဒေါ်လှကေသီမာက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်  သင်တန်းတွင် ဆွေးနွေးသွားမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြစ်ကြီးနားခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က  မြစ်ကြီးနားခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အခြေအနေနှင့်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ အပါအဝင် လူမှုကူညီရေး အသင်းအဖွဲ့များက  ပါဝင်ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့်  တာဝန်ရှိသူများက သင်တန်းသား၊   သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ  ပေးအပ်ကြသည်။

အဆိုပါသင်တန်းကို မတ် ၂၀ ရက်မှ ၂၂ ရက်အထိ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ(၂၀၁၃)နှင့်  နည်းဥပဒေ(၂၀၁၅)ဆိုင်ရာ သိကောင်းစရာများ၊ ဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊  ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါး သက်သာစေရေး နည်းလမ်းများ၊   ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုများ၊ အရေးပေါ်စီမံခန့်ခွဲရေး နည်းလမ်းများ စသည့်ဘာသာရပ်များအား ဆွေးနွေးမည် ဖြစ်ကာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့ရှိ  လူမှုကူညီရေးအသင်းအဖွဲ့များမှ သင်တန်းသား၊  သင်တန်းသူ ၃၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။