(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် သာဝတ္ထိကျေးလက် ကျန်းမာရေးဌာန ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲ အခမ်းအနားကျင်းပ

 (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် သာဝတ္ထိကျေးလက် ကျန်းမာရေးဌာန ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲ အခမ်းအနားကျင်းပ

(၇၈)နှစ်မြောက်   တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  လယ်ဝေးမြို့နယ် သာဝတ္ထိကျေးလက် ကျန်းမာရေးဌာန ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါနေရာ၌ကျင်းပရာ အခမ်းအနားသို့  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် များအနက်မှ တတိယအချက်ဖြစ်သည့် နိုင်ငံ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို  ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး   ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားပြီး မျှော်မှန်းသက်တမ်း တိုးတက်မြင့်မားလာစေရန်အတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး၊ လူတိုင်းရောဂါဘယ ကင်းရှင်းရေးဟူသော ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်၍ ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာကုသမှုပေးခြင်းဟူသော နည်းနာသုံးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

မိခင်ကလေးကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာန၊ တိုက်နယ်/ကျေးလက် ကျန်းမာရေးဌာန/ကျန်းမာရေး ဌာနခွဲများကို ဖွင့်လှစ်ရန် သတ်မှတ်ထားသည့် အခြေခံမူများဖြင့် စိစစ်ပြီး လိုအပ်သည့်နေရာ ဒေသများတွင် တိုက်နယ်/ကျေးလက်ကျန်းမာရေးဌာန/ကျေးလက်ကျန်းမာရေး ဌာနခွဲများ၏ စံကိုက်ဆေးခန်းနှင့် စံကိုက်ဝန်ထမ်းအိမ်ရာများကို ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်လျာထားပြီး နိုင်ငံတော်ဘတ်ဂျက်များဖြင့် ဆောက်လုပ်ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဖွင့်လှစ်သည့်  လယ်ဝေးမြို့နယ် သာဝတ္ထိကျေးလက်ကျန်းမာရေးဌာန စံကိုက်ဆေးခန်းနှင့် စံကိုက် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ တည်ဆောက်ရေးတွင် ဝိုင်းဝန်းပံ့ပိုးပေးသူများ အားလုံးကို အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က  ကျေးလက်နေပြည်သူများ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီ    သာတူညီမျှရရှိနိုင်ရန် ကျေးလက်ကျန်းမာရေး ဌာနများနှင့် ဌာနခွဲများသည် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် အလွန်အရေးပါသည့်ဌာန ဖြစ်ကြောင်း၊    ဆေးခန်းအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ရေရှည်တည်တံ့ရန်နှင့်  ပျက်စီးမှုလျော့နည်းစေရန်အတွက်   အုပ်ချုပ်ရေးဌာနများနှင့် ရပ်ရွာနေပြည်သူလူထုက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက်    သာဝတ္ထိကျေးလက် ကျန်းမာရေးဌာန ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး  ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့က  ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်က ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များနှင့် ပက်ဖျန်းပေးကာ   ဆေးခန်းအတွင်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံကို  လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ   နေပြည်တော်အတွင်း၌   ကျေးလက်ကျန်းမာရေးဌာန ၂၆ ခုရှိပြီး  ယခုဖွင့်လှစ်သည့်  သာဝတ္ထိကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံသည် ၁၁ ခုမြောက်အဆောက်အအုံဖြစ်ကာ အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနအောက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲလေးခုရှိပြီး    ကျန်းမာရေး ဝန်ထမ်းခုနစ်ဦးက ကျေးရွာ ၂၁ ရွာရှိ ပြည်သူလူထု ၁၇၀၀၀ ကျော်ကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းနှင့်  ကျန်းမာရေး ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာနေထိုင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ တစ်လုံးနှင့် သုံးခန်းတွဲတစ်လုံးကို ငွေကျပ် ၁၉၁ ဒသမ ၄  သန်းဖြင့်  သြဘနူငညန ကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီတွင် လယ်ဝေးမြို့နယ်    သာဝတ္ထိဈေးအတွင်း ပြည်သူများဈေးရောင်းချဝယ်ယူမှု၊ ဈေးများ အတွင်း  သန့်ရှင်းသာယာလှပရေးများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဈေးများအတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊  သန့်စင်ခန်းများ အမြဲတမ်းသန့်ရှင်းနေစေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။