စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဧကချင်း၏ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဧကချင်း၏ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးကြိုးပမ်း အကောင်အထည်ဖော်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေကြသည့် တာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင် သိရှိနားလည်ကြပြီး မိမိတို့ကျွမ်းကျင်ရာ ပညာရပ်များကို အကျိုးရှိစွာအသုံးချကာ ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းကြရန်လိုကြောင်း၊ မတ် ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိသူများက တိုင်းဒေသကြီး၏ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်မှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးရေသုံးစွဲနိုင်မှုနှင့် သီးထပ်စွမ်းအားတိုးမြှင့်ရေး ဆောင်ရွက်ထားရှိမှု၊ အဓိကသီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်နိုင်မှု၊ ဒေသဝမ်းစာဖူလုံမှုနှင့် လယ်ယာထွက်ကုန် အခြေခံကုန်ချောထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် အသုံးချ သုတေသနလုပ်ငန်းများတွင် ဌာန၊ တောင်သူနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက  စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းစနစ်များဖြန့်ဝေရာတွင် တောင်သူများလက်တွေ့မြေပြင်ဆောင်ရွက်မှုနှင့် အနီးစပ်ဆုံးအမှန်ကန်ဆုံး အနေအထားရှိအောင် နေရာစုံမှ နည်းလမ်းစုံဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အထက်ဌာနသို့ တင်ပြရာတွင် မရိုးဖြောင့်သော    တင်ပြမှုများမရှိရန်လိုကြောင်း၊ မြေယာအသုံးချမှု၊ ဓာတ်မြေသြဇာ ပိုးသတ်ဆေးဖြန့်ချိအသုံးပြုမှုလုပ်ငန်းများ တွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် လိုအပ်သောပံ့ပိုးဖြည့်ဆည်းမှုများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးနည်းပညာ ပေးပြခန်းများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ မိုး ဆောင်း နွေ စိုက်ပျိုးရာသီတွင် စပါးဧက၁၈ သိန်းကျော်၊ ဆီထွက်သီးနှံဧက၂၄ သိန်းကျော်၊ ပဲမျိုးစုံဧက ၂၄  သိန်းကျော်နှင့်သီးနှံစုံစုစုပေါင်းဧက  ၉  သန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နိုင်ငံတော်၏ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက်  အရေးပါသည့် ဒေသတစ်ခုဖြစ်သဖြင့် တစ်ဧကချင်း၏ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရန်   သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။