အခြေခံပညာကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်တွင် စတင်ဆောင်ရွက်မည်

အခြေခံပညာကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်တွင် စတင်ဆောင်ရွက်မည်

နေပြည်တော်  မတ်  ၂၀

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်မြင်စွာဖြတ်သန်းနိုင်ရေးအတွက်  ယခုကာလကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး လာမည့် ပညာသင်နှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းစာမေးပွဲ၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ပညာရေးဒီဂရီကောလိပ်စာမေးပွဲနှင့် တက္ကသိုလ်စာမေးပွဲများကို  ဆရာ၊ ဆရာမ၊ ပညာရေးမိသားစုများ  ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း၊ အောင်မြင်မှုများ အတွက်  ကျရာအခန်းကဏ္ဍ အသီးသီးတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့်  ဆရာ၊ဆရာမများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း၊ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်ကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ပြီဖြစ်၍ လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်မြင်စွာ ဖြတ်သန်းနိုင်ရေးအတွက်  ယခုကာလကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။

လာမည့် မေ ၂၃ ရက်တွင် အခြေခံပညာ ကျောင်းအပ်နှံရေးသီတင်းပတ်ကို စတင်ဆောင်ရွက်မည်ဖြစ်သကဲ့သို့  အဆင့်မြင့်ပညာ တက္ကသိုလ်များတွင်လည်း ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်မှစတင်၍ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များသို့ ဆက်သွယ်သတင်းပေးပို့ရန်နှင့် ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၃ ရက်မှစတင်၍ ကျောင်းအပ်နှံလက်ခံရန်လျာထားပါကြောင်း၊ လာမည့်မေလတွင် Grade-12 နှင့် Grade-9 စနစ်သစ် သင်ရိုးသစ်ဗဟိုအဆင့် သင်တန်းများကို တက္ကသိုလ်များမှ  ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ တက်ရောက်ကြရမည်ဖြစ်ပြီး သင်တန်းပြီးပါက မိမိတို့တက္ကသိုလ် အလိုက် သတ်မှတ်ထားသော ခရိုင်၊ မြို့နယ် များမှ အခြေခံပညာအထက်တန်းပြ ဆရာ၊ ဆရာမများကို ဆင့်ပွားပို့ချသင်ကြားပေးကြရမည်ဖြစ်ကြောင်း။

မေလဆန်း၌ ပညာရေးဝန်ကြီးဌာန၏ ပညာရေးညီလာခံကို ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍ၊ ဦးစီးဌာနများ ကဏ္ဍနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများကဏ္ဍစုံတို့ ပါဝင်၍ စာတမ်းဖတ်ကြားခြင်း၊ ပြခန်းများဖွင့်လှစ်ပြသခြင်းတို့ဖြင့်   ပါဝင်ဆင်နွှဲကြစေလိုကြောင်း၊ လာမည့်ဇွန်လနောက်ဆုံးပတ်တွင် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကျင်းပရန် လျာထားသဖြင့် ပညာရေးဝန်ကြီးဌာနက လက်ရွေးစင် ဘောလုံးအသင်းနှစ်သင်းဖြင့်  ပါဝင်ယှဉ်ပြိုင်သွားနိုင်ရန် အသင့်ပြင်ဆင်လေ့ကျင့်ထားကြစေလိုကြောင်း၊ လာမည့်ဇူလိုင်လတွင် နိုင်ငံတကာ သုတေသန စာတမ်းဖတ်ပွဲ (International Research Symposium) ကျင်းပမည်ဖြစ်၍ တက္ကသိုလ်များအနေဖြင့် ပြည်တွင်းပြည်ပ စာတမ်းရှင်များ ဆက်သွယ်ဖိတ်ကြားရေး၊   သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အလိုက် ခေါင်းစဉ်သတ်မှတ်နိုင်ရေး၊  တက္ကသိုလ်အလိုက် နိုင်ငံအကျိုးပြုစာတမ်းများ ဖတ်ကြား တင်သွင်းနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ အလားတူ ပထမအကြိမ် ဝန်ကြီးဌာနအဆင့် သုတေသနပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော MSME အကျိုးပြုသုတေသနများကို  စိစစ်ရွေးချယ်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် လျာထားချက်များကို အသေးစိတ်ရှင်းလင်းပြီး အမြဲတမ်းအတွင်းဝန်က အကြံပြုဆွေးနွေးသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နိုင်ထွန်း