မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  မတ်  ၂၀

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး       ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် သထုံမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံ၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ပြည်နယ်ညွှန်ကြားရေးမှူးက မွန်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု  အခြေအနေများကိုလည်းကောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံအရာရှိက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာစေရေး အလေးထားပြုစုပျိုးထောင်ပေးသွားရန်နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးမှာကြား၍ သင်တန်းကျောင်းနှင့် သထုံခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝင်းများအတွင်း  လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ်အတွင်း ဒေါင်းဥကျေးရွာနှင့် ဒရယ်ကျေးရွာတို့အား ဆက်သွယ်မည့် ကလွီရွာရှောင်ကွင်းလမ်းဖောက်လုပ်နိုင်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ တိုင်းတာဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များနှင့် ဒေသခံများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။