ရင်သားကင်ဆာရောဂါအကြောင်းသိကောင်းစရာ

ရင်သားကင်ဆာရောဂါအကြောင်းသိကောင်းစရာ

ချီလီနိုင်ငံမှ မိခင်တစ်ဦးက ၎င်းရဲ့ခုနစ်နှစ်အရွယ် သမီးဖြစ်သူမှာ ရင်သားကင်ဆာရောဂါခံစားနေရပြီး ကမ္ဘာပေါ်မှာ ရင်သားကင်ဆာ ရောဂါခံစားနေရသူထဲ မှာ အသက်အငယ်ဆုံးလို့ဆိုပါတယ်။ သမီးဖြစ်သူရဲ့ ရင်သားနေရာမှာ အလုံးတစ်ခုဖြစ်နေတာကို သမီးဖြစ်သူ အသက်ငါးနှစ်အရွယ်ကတည်းက ရေချိုးပေးရင်း စတင်သတိပြုမိပေမယ့် နှစ်နှစ်ကြာပြီးနောက်မှသာ ရင်သားကင်ဆာ ရောဂါဖြစ် ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရင်သားကင်ဆာရောဂါ ဖြစ်နေတဲ့တစ်သျှူးကို ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။

သမီးဖြစ်သူ အသက်ခုနစ်နှစ်အရွယ်မှာ ရင်သား ခွဲစိတ်လိုက်ရပြီး လက်ရှိမှာ အခြေအနေကို စောင့်ကြည့်နေပါတယ်။ တိုးတက်မှု မရှိခဲ့ရင် ဘာစီလိုနာက လူငယ်ကင်ဆာရောဂါကုသမှု အတွေ့အကြုံရှိတဲ့ အထူးကုဆရာဝန်တွေဆီ ဆက်ပြီးပြသရမှာပါ။

 အမျိုးသမီးတွေက အသက် ၅၀၊ ၆၀ ကြားအရွယ် တွေမှာ ရင်သားကင်ဆာရောဂါဖြစ်ပွားနိုင်ပြီး အခုလို ခုနစ်နှစ်အရွယ် ကလေးတစ် ယောက်မှာ ရင်သား ကင်ဆာဖြစ်တာက လုံးဝအံ့အားသင့်ဖွယ်ဖြစ်ကြောင်း ကလေးသွေးရောဂါနဲ့ ကင်ဆာရောဂါအထူးကုဆရာဝန် ဒေါက်တာ ဖရန်စစ္စတိုဘာရီဂါက ပြောကြားခဲ့ပါတယ်။

ရင်သားကင်ဆာရောဂါက   အမျိုးသမီးတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါ တယ်။ ရင်သားကင် ဆာရောဂါဖြစ်တဲ့အစောပိုင်းအဆင့်မှာ လက္ခဏာလုံး၀ မပြဘဲ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကတစ်ဆင့် သိရှိ နိုင်ပါတယ်။ ရင်သားကင်ဆာရောဂါက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကုသမှုခံယူဖို့လိုပါတယ်။

ရင်သားကင်ဆာရောဂါ အမျိုးအစားအများအပြား ရှိပါတယ်။ တချို့ရင်သားကင်ဆာတွေမှာ ရင်သားအကျိတ်အဖုမရှိတာမျိုးရှိပြီး တချို့ရင်သားကင်ဆာမှာ အကျိတ်တွေက တဖြည်းဖြည်းကြီးလာတာမျိုးဖြစ်နိုင် ပါတယ်။ ကင်ဆာကျိတ်တွေ မြန်မြန်ကြီးထွားလာပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးလည်းဖြစ် နိုင်ပါတယ်။

ရင်သားကင်ဆာရောဂါအများစုက လက္ခဏာပြတာ မျိုးမရှိဘဲ တချို့မှာတော့ ရင်သားပြောင်းလဲမှုရှိနိုင် ပါတယ်။ တစ်ခါတလေမှာ  ရင်သားကင်ဆာရောဂါ လက္ခဏာတွေက  တခြားကျန်းမာရေးပြဿနာတွေနဲ့ ဆင်တူနေတဲ့အတွက် မြန်မြန်စစ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ရင်သားကင်ဆာက ရင်သားထဲမှာ ဆဲလ်တွေပုံမှန် မဟုတ်တဲ့ ကြီးထွားကွဲပြားမှုတွေဖြစ်ရာကနေ စတင် ဖြစ်ပွားနိုင်ပါတယ်။ ဒီအကြောင်းအရာက ရင်သား ကင်ဆာဖြစ်စေတဲ့ တစ်ခုတည်းသောအချက်မဟုတ်ပါဘူး။ အမျိုးသမီးတွေမှာ  အသက်အရွယ်ရလာ တာ နဲ့အမျှ ရင်သားကင်ဆာပိုဖြစ်နိုင်ပါတယ်။ မျိုးရိုးမှာ ရင်သားကင်ဆာဖြစ်ဖူးရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

ရင်သားကင်ဆာခံစားရသူရဲ့  ၈၅  ရာခိုင်နှုန်းက မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။ မျိုးရိုးဗီဇကြည့်မယ်ဆိုရင် ရင်သားကင်ဆာဖြစ်ပွားမှုရဲ့ ၁၀ ရာခိုင်နှုန်းလောက်က မျိုးရိုးဗီဇကို လက်ဆင့်ကမ်းရရှိထားတာကြောင့် ဖြစ်ပါတယ်။ ရင်သားတစ်သျှူးသိပ်သည်းသူတွေက ရင်သား တင်းတင်းရင်းရင်းမရှိသူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။

ကိုယ်အလေးချိန်ရှိသင့်တာထက် များနေသူတွေ၊ အဝလွန်နေသူတွေအနေနဲ့ ရင်သားကင်ဆာဖြစ်နိုင် ခြေပိုများပါတယ်။ သားဦး မွေးပြီးချိန် ဆေးလိပ်သောက် သူတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ အရက်သောက်သုံးသူတွေ၊ အထိုင်များတဲ့ အမျိုးသမီး တွေ၊   သန္ဓေတားဆေး အမြဲသောက်သုံးနေတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာပိုပြီး ဖြစ်ပွားနိုင်ပါတယ်။

ရင်သားကင်ဆာစစ်ဆေးတဲ့အဆင့်တွေ အများကြီး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအနေနဲ့ ရင်သား ကိုစမ်းသပ်တာမျိုး လုပ်လို့ရသလို ရင်သားကိုပုံရိပ်ဖော် စစ်ဆေးတာတွေ လုပ်ဆောင်လို့ရပါတယ်။ ရင်သား အသားစယူပြီး ကင်ဆာရှိ၊ မရှိ စစ်ဆေး တာက အမှန် ကန်ဆုံးပဲဖြစ်ပါတယ်။ ရင်သားအကျိတ်တည်နေရာ၊ အခြေအနေနဲ့ အရွယ်အစားကိုလိုက်ပြီး စစ်ဆေးမှု နည်းလမ်းတွေ ကွာခြားနိုင်ပါတယ်။

ရင်သားကင်ဆာစစ်ဆေးမှုနည်းလမ်းမှာ အပ်နဲ့စုပ် ထုတ်ခြင်းနည်းလမ်းက ဆရာဝန်က ရင်သားအရေပြား အောက်ကို သေးငယ်တဲ့ အပ်ထိုးသွင်းပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ ဒါ့ပြင် အပ်ခပ်ကြီးကြီးကိုသုံးပြီး ရင်သား အကျိတ်တစ်ဝိုက် တစ်သျှူးတွေကို ရယူစစ်ဆေး နိုင်ပါ တယ်။

ခွဲစိတ်ပြီး  အသားစယူစစ်ဆေးခြင်းက  အကျိတ် က အသားစကို ခွဲစိတ်ရယူပြီး အသားစယူစစ်ဆေးတာ ဖြစ်တယ်။ ပြန်ရည်အကျိတ် တစ်သျှူးစစ်ဆေးတဲ့နည်း က ပြန်ရည်အကျိတ်တစ်ဝိုက်က  တစ်သျှူးစနမူနာကို ရယူစစ်ဆေးတာဖြစ်ပါတယ်။  ကျွမ်းကျင်သူတွေက ရင်သားအသားစနမူနာကို  မိုက်ခရိုစကုပ်အောက်မှာ ကြည့်ပြီး  အဆင့်ဘယ်လောက်ရှိပြီဆိုတာ  သတ်မှတ် နိုင်ပါတယ်။

ရင်သားကင်ဆာအမျိုးအစားက တစ်မျိုးမကရှိပါတယ်။ ရင်သားကင်ဆာအမျိုးအစားကိုသိမှ ကုသနိုင်မယ့်နည်းလမ်းကို ရွေးချယ် နိုင်မှာဖြစ်တယ်။ ရင်သား ကင်ဆာကို အကျိတ်စတင်ဖြစ်ပေါ်ရာ ရင်သားတစ်သျှူး ပေါ်မူတည်ပြီး  ခွဲခြားနိုင်ပါတယ်။   ဥပမာ-ရင်သား ကင်ဆာက  နို့ရည်ပြွန်န်တွေကနေ   စဖြစ်တာဆိုရင်  နို့ရည်ပြွန်ကင်ဆာလို့သတ်မှတ်တယ်။ ရင်သားကင်ဆာ ရဲ့ ၈၀ ရာခိုင်နှုန်းက နို့ရည်ပြွန်ကင်ဆာအမျိုးအစား ပဲဖြစ်တယ်။ နောက်တစ်မျိုးက  နို့ရည်ထုတ်ဂလင်း ကနေ  စတင်ဖြစ်ပေါ်တဲ့  နို့ရည်ပြွန်ဂလင်းကင်ဆာ ဖြစ်တယ်။

ရင်သားရောင်ရမ်းကင်ဆာအမျိုးအစားက ရင်သားမှာ အကျိတ်ဖြစ်တာ၊ ရောင်ရမ်းတာ၊ နီမြန်းတာ၊ ရင်သားပုံသဏ္ဌာန် ပြောင်းလဲ တာမျိုးမရှိပါဘူး။

ရင်သားကင်ဆာအဆင့်ဆင့်ကိုကြည့်ရင် ရင်သားကနေ ဘယ်လောက်ဝေးတဲ့ပမာဏကို ပျံ့သလဲဆိုတဲ့ပေါ်မူတည်ပြီး  ရင်သား ကင်ဆာအဆင့်သတ်မှတ်ပါတယ်။ ကင်ဆာဆဲလ်တွေက နို့ရည်ပြွန်ဂလင်းဆဲလ် တွေမှာ ဖြစ်ပွားနေမယ်ဆိုရင် အနီးဆုံးမှာရှိတဲ့ ရင်သား ကင်ဆာအခြေအနေအဆင့်လို့ သတ်မှတ်ပါတယ်။ ဒီလိုကနေ  ကင်ဆာဆဲလ်တွေက  အနီးတစ်ဝိုက်မှာရှိတဲ့ ရင်သား တစ်သျှူးတွေဆီကို ထိုးဖောက်ပျံ့နှံ့သွား မယ်ဆိုရင် ပျံ့နှံ့စိမ့်ဝင်တဲ့အခြေအနေလို့ သတ်မှတ်ပါတယ်။

ရင်သားကင်ဆာဆဲလ်တွေက ရင်သားကနေ တစ် ဖက်ရင်သားကူးတာ၊ အဝေးမှာရှိတဲ့အင်္ဂါအစိတ်အပိုင်း တွေဖြစ်တဲ့  ဦးနှောက်၊ အရိုး၊ အဆုတ်၊  အသည်းတွေဆီ ပျံ့နှံ့ရောက်ရှိသွားတဲ့အဆင့်ကို အဆင့် (၄) ရင်သားကင်ဆာလို့ခေါ်သလို  ပျံ့နှံ့အဆင့်လို့လည်း သတ်မှတ် ကြတယ်။  ဒီအဆင့်ရောက်မှ  လူနာက ရင်သားကင်ဆာကို သတိထားမိကြတာများတယ်။ ရင်သားကင်ဆာကို အကျိတ်အရွယ် အစား၊  ပြန်ရည် အကျိတ်အခြေအနေ၊ ပျံ့နှံ့မှုအကွာအဝေးကိုမူတည် ပြီး အဆင့် သုည အစပျိုးမှုအဆင့်ကနေ အဆင့် (၄) အထိ သတ်မှတ်ပါတယ်။ ရင်သားကင်ဆာကို နောက်ထပ်ခွဲခြားနိုင်တာက  ကင်ဆာဆဲလ်တွေရဲ့  ပျံ့နှံ့မှု အတိုင်းအတာကို လိုက်တယ်။

ပြန့်ပွားမှုမမြန်တဲ့ အနေအထားအဆင့်နဲ့ ဆဲလ်ပုံသဏ္ဌာန်ပျက်တဲ့အထိ ပြန့်ပွားမှုမြန်တဲ့အနေအထား ဆိုပြီး ခွဲခြားထားပါတယ်။ အသားစရယူစစ်ဆေးပြီး ဆဲလ်ပွားမှုနှုန်းကိုကြည့်လို့ အဆင့်ခွဲခြားနိုင်ပါတယ်။ ကင်ဆာရောဂါကုသရာမှာ ဘေးထွက်ဆိုးကျိုး နည်းပြီး အသက်ရှည်ရှည်နေနိုင်ဖို့ ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ ရင်သားတစ်ခုလုံး ကိုဖယ်တာရှိသလို ကင်ဆာဆဲလ်တွေ ရှိနေတဲ့အကျိတ် တစ်ဝိုက်က တစ်သျှူးတွေ၊ ပြန်ရည်အကျိတ်တွေဖယ်ရှားတာရှိပါတယ်။

ကင်ဆာဆေးသွင်းကုသနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေက ရင်သားအပြင် တခြားနေရာတွေကိုပါ ပျံ့နှံ့နေပြီဆိုရင် ကင်ဆာဆဲလ်တွေ ဖျက်ဆီးပစ်ဖို့အတွက် ဆေးသွင်းကုသမှုခံယူရပါမယ်။ ဟော်မုန်းကုထုံးလည်း ရှိပါတယ်။ ကင်ဆာဆဲလ်တွေကြီးထွားစေမယ့် ဟော် မုန်းထုတ်လုပ်မှုကို ဟန့်တားလိုက်တဲ့ ကုထုံးတစ်ရပ် ဖြစ်တယ်။ ကိုယ်ခံအားကုထုံးရှိပါတယ်။ ကိုယ်ခံအား ဆဲလ်တွေက   ကင်ဆာ ဆဲလ်တွေကို   တိုက်ထုတ်ဖို့အတွက်  ကိုယ်ခံအားဆဲလ်တွေကို  လှုံ့ဆော်ပေးတဲ့ ကုထုံးဖြစ်တယ်။   ဓာတ်ရောင်ခြည်ကုထုံးရှိပါတယ်။ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးဖို့   အားပြင်းတဲ့ရောင် ခြည်ကိုအသုံးပြုပြီး  တစ်ရက်ကို  ငါးမိနစ်တာမျှပေးပြီး ရေရှည်ကုသတဲ့ နည်းဖြစ်ပါတယ်။ တစ်နည်းထက်ပိုပြီး ကုသမှုရယူသင့်ပါတယ်။    ။          

ဒေါက်တာလွင်သန့်