ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပုသိမ်-ကံကုန်း- မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်)ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပုသိမ်-ကံကုန်း- မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်)ဖွင့်လှစ်

နေပြည်တော်  မတ်  ၂၀

    (၇၈)နှစ်မြောက်   တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ အရှည်ပေ ၁၂၆၀ ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား   မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး      ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ၊   စစ်ဘက်၊  နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ရေးသည် ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပြီး အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး သည်   မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့် အညီ  မြန်မာနိုင်ငံ၏  ဆန်စပါးအဓိက ထွက်ရှိရာ      တိုင်းဒေသကြီးဖြစ်ကြောင်း၊ မြစ်ချောင်းများပေါများပြီး   မြေဆီသြဇာ <ကယ်ဝသော မြေနုကျွန်းများ ရှိသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး ရေထွက်ပစ္စည်း လုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများ တည်ရှိသော  တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊    ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လိုကြောင်း၊   ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာ အသုံးပြုနိုင်ရန် ပမ္မဝတီတံတား(မြင်းကဆိပ်)ကို  ဖွင့်လှစ်ပေးပြီးဖြစ်၍ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဒေသခံပြည်သူများ အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးသည် အဓိက ကျကြောင်း၊  ဒေသအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် လမ်း၊ တံတားများ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း။

မြောင်းမြမြို့နယ် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်တွင် ယခင်ကတည် ဆောက်ခဲ့သည့် ပမ္မဝတီတံတား(မြင်းကဆိပ်) ကြိုးတံတားဟောင်းသည် ကြံ့ခိုင်မှုအားနည်း လာသည့်အတွက် မူလကြိုး တံတားဟောင်းကို ဖြုတ်သိမ်း၍ ကျွမ်းကျင်ပညာရှင်များက ခေတ်မီနည်းစနစ်တို့ကို အသုံးပြုပြီး အရှည်ပေ ၁၂၆၀၊ အပေါ်ထည်   Steel Box Girder  သံကူကွန်ကရစ်ကြမ်းခင်းနှင့် အောက်ထည်အုတ်မြစ်ကို  R.C.C Bored Pile ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ နိုင်ငံတကာ အကူအညီ   ချေးငွေများဖြင့် လမ်း၊ တံတားများကို တည်ဆောက်ပေးလျက်ရှိရာ ယနေ့အထိ  လမ်းမိုင် ၁၈၈၅ မိုင်ကျော် ဖောက်လုပ်ထိန်းသိမ်းထားပြီး ပေ ၁၈၀ နှင့်အထက် တံတားကြီး ၁၀၉ စင်းကိုလည်း   တည်ဆောက်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်အတွင်း တွင်လည်း ပေ ၁၈၀ နှင့်အထက် တံတား ၁၂ စင်းနှင့် ပေ ၁၈၀ အောက် တံတား ၇ စင်း စုစုပေါင်း ၁၉ စင်းကို တည်ဆောက် လျက်ရှိကြောင်း ပြောကြားသည်၊၊

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုတံတားကြီးကို ဖွင့်လှစ်လိုက်သည့်အတွက် ပုသိမ်မြို့မှ မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်တို့မှတစ်ဆင့်   ရန်ကုန်တိုင်း ဒေသကြီးသို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက်ကုန် များကို သယ်ယူပို့ဆောင်နိုင်မည့်အပြင် ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ  ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက တံတားကြီး ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံ ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ပမ္မဝတီတံတား(မြင်းကဆိပ်)ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး    စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး  ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်တို့က ပမ္မဝတီတံတား(မြင်းကဆိပ်) ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကာ   တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။

ပမ္မဝတီတံတား(မြင်းကဆိပ်)သည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြ မြို့နယ် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြ လမ်းပေါ်ရှိ မြင်းကဆိပ်မြစ်ပေါ်တွင် တည် ဆောက်ထားကာ တံတားအရှည်ပေ ၁၂၆၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းသွားဖြစ်ကြောင်း သိရသည်။