ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်သို့ နွေဆန်ချောများ စတင်ဝင်ရောက်

ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်သို့ နွေဆန်ချောများ စတင်ဝင်ရောက်

ရန်ကုန်၊ ဈေးကွက်စီးပွားရေး

ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင် သို့ နွေဆန်ချောများ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး ကုန်သည် များအသင်း  (ဝါးတန်းဆန်ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးဇော်ခိုင်၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဝင်ရောက်ရာတွင် မတ်တတိယပတ်က တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲအိတ်ရေ ၆၀၀၀၀ ကျော်ဝင်ရောက်ပြီး မိုးဆန်အဟောင်း  ၇၀  ရာခိုင်နှုန်းအပြင် သီးပု၊ သီးထပ်နှင့် ရက် ၉၀ အမျိုးအစား နွေဆန်ချောများ ၃၀ ရာခိုင်နှုန်းအထိ ဝင်ရောက်နေခြင်းဖြစ်သည်။

“လက်ရှိက မိုးဆန်အဟောင်းလည်းဝင်တယ်။ နွေဆန်အသစ်လည်း နယ်စုံကနေ  စတင်ဝင်ရောက်နေပါပြီ။  နွေဆန်ကတော့ လက်ရှိ  စုစုပေါင်းဝင်ရောက်မှုရဲ့ ၃၀ ရာခိုင်နှုန်းလောက်အထိ ဝင်ရောက်နေပါတယ်” ဟု ဦးဇော်ခိုင်ကပြောသည်။

လတ်တလောတွင် ဝါးတန်းဆန်ကုန်စည်ဒိုင်သို့ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ လပွတ္တာ၊ မြောင်းမြ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ရွှေဘို စသည့်ဒေသတို့မှ ထွက်ရှိသည့်ဆန်များ ဝင်ရောက်နေခြင်းဖြစ်သည်။

“လက်ရှိမှာတော့ နွေဆန်အသစ်တွေကို စားသုံးမှုနည်းနေသေးပေမယ့် နောက်ပိုင်းဆိုရင် နွေဆန်အသစ်ကိုပဲ ရေရှည်စားသုံးဖို့ ကြိုက်ကြတယ်” ဟု ဦးဇော်ခိုင်ကပြောသည်။

လက်ရှိတွင် မိုးဆန်အဟောင်း ဧရာဝတီ ပေါ်ဆန်းအမျိုးအစားများတွင် မြောင်းမြ ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၇၂၀၀၀ မှ ၇၃၀၀၀၊ ဘိုကလေးအပါအဝင် တခြားမြို့နယ်များမှ ထွက်ရှိသည့် ပေါ်ဆန်းတစ် အိတ်လျှင် ငွေကျပ် ၆၆၀၀၀ မှ ၇၀၀၀၀၊   နွေဆန်သီးပုတစ်အိတ်လျှင် ငွေကျပ် ၅၂၀၀၀၊ သီးထပ်တစ်အိတ်လျှင် ငွေကျပ် ၅၃၀၀၀၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၆၀၀၀ မှ ၅၇၀၀၀ အထိ ဈေးနှုန်း အသီးသီးရရှိနေသည်။

ယခုရက်ပိုင်းအတွင်း ရွှေဘိုပေါ်ဆန်း ဈေးနှုန်းတည်ငြိမ်နေသော်လည်း ကျန်ပြည်တွင်းဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေ ကြောင်း၊ ထိုသို့မြင့်တက်ရာတွင် ဆန်ချောတစ်အိတ်လျှင် ငွေကျပ် ၁၅၀၀ ဝန်းကျင်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။                          

  နဒီ