လူသားအားလုံးကျန်းမာဖို့ သစ်တောများကို ထိန်းသိမ်းစို့
(အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ဂုဏ်ပြုဆောင်းပါး)
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တော ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ သစ်တောများ၏ အရေးပါသည့် အခန်းကဏ္ဍကို ပိုမိုနားလည်လာစေရန်၊ သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ပါဝင်လာစေရန်နှင့် သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် A/C.2/67/L.4 ဖြင့် နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ် ကြေညာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရန် အတွက် ကြွေးကြော်သံဆောင်ပုဒ်များ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ "Healthy Forests for Healthy People" “လူသားအားလုံး ကျန်းမာဖို့ သစ်တောများကို ထိန်းသိမ်းစို့ ”ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ် အခမ်းအနားများကို အနှစ်သာရပြည့်ဝစွာ ကျင်းပလျက်ရှိကြသည်။ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ရာတွင် လည်းကောင်း၊ ကမ္ဘာ့လူသား အားလုံးအတွက် စားဝတ်နေရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် လူမှုဘဝသာယာ ဝပြောရေးတို့အတွက် မရှိမဖြစ်အရေးပါသော သစ်တောများကို ထိန်းသိမ်း ကာကွယ်ရာတွင် လည်းကောင်း၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန် သစ်တောများ၏ အရေးပါသော အခန်းကဏ္ဍကို ပိုမိုအလေး ထားသတိပြုလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သစ်တောများနှင့် ပြည်သူလူထု ကျန်းမာရေး သစ်တောများသည် လူသားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အစားအစာနှင့် ဆေးဝါးများအား ထောက်ပံ့ပေးစွမ်းလျက်ရှိသည်။ သစ်တောများသည် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော လူများအတွက် အရေးကြီးသည့် အစာအာဟာရ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပြီး သစ်တောများမှ ရရှိသည့် အခြေခံ အစားအစာများသည် လူသားများအတွက် အရေးကြီးသော အာဟာရနှင့် ဝင်ငွေအရင်း အမြစ်များ ဖြစ်ကြသည်။ သစ်တောများမှ ရရှိသော သစ်သီးသစ်ရွက်များ၊ အစေ့အဆန်များနှင့်အခွံမာသီးများ၊ သစ်ဥသစ်ဖုများ၊ မျှစ်၊ မှို၊ ပျားရည် စသောအစားအစာများ၊ ဆေးဖက်ဝင်အပင်များသည် လူသားများ အာဟာရပြည့်ဝရေး အတွက် များစွာအထောက်အပံ့ ပေးလျက်ရှိသည်။
အာဟာရပြည့်ဝသော အသီးအနှံ၊အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုစေသည်။
ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့တိုင် ကမ္ဘာတစ်ဝန်း တွင်ကျယ်စွာ အသုံးပြုနေကြသည့် တိုင်းရင်းဆေးဝါးများသည် သစ်တောသစ်ပင်များမှ ရရှိကြသည်။ “နွယ်မြက်သစ်ပင်ဆေးဖက်ဝင်”ဆိုသကဲ့သို့ ကျန်းမာရေးအတွက် နွယ်ပင်၊ မြက်ပင်အပါအဝင် အပင်အမျိုးမျိုးကို ဆေးအဖြစ် သုံးစွဲခဲ့ကြရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် တိုင်းရင်းဆေးကို မှီခိုနေရဆဲဖြစ်ပြီး အများစုမှာ သစ်တောသစ်ပင်များမှ ရရှိကြသည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များ အတွက် အပင်မျိုးစိတ်ပေါင်း ၅၀၀၀၀ ခန့်အထိ အသုံးချနိုင်ခဲ့ကြောင်း သိရသည်။ အထူးသဖြင့် အပူပိုင်း သစ်တောများသည် လူသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၈ သန်းနှင့် ညီမျှသည့်ဆေးဖက်ဝင် အပင်များကို ထောက်ပံ့လျက်ရှိသည်။ ယနေ့နောက်ဆုံးပေါ်ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှ ရရှိကြသည်။ ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၁ ဘီလီယံကျော်သည် ဆေးဖက် ဝင်အပင်များကို ကလေးငယ်များ ဝမ်းလျှောခြင်းရောဂါကို ကုသရန် အိမ်သုံးဆေး ကုထုံးအဖြစ် အသုံးပြုလျက်ရှိကြသည်။ ထို့ပြင် တရုတ်နိုင်ငံတွင်လည်း သဘာ၀ အပင်မျိုးစိတ်ပေါင်း ၂၆၀၀၀ ကျော်ထဲမှ ၅၀၀၀ နီးပါးကို ရိုးရာဆေးဝါးများ အဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း သဘာဝ အပင်မျိုးစိတ် ၅၀၀ နီးပါး၏ ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျ လေ့လာမှတ်တမ်းတင် ထားရှိပြီးဖြစ်ကာ အများစုကို အသုံးပြုလျက် ရှိကြောင်း သိရသည်။
ယခုအခါတွင် သစ်တောပြုန်းတီးခြင်း၊ မြေယာ အသုံးပြုမှုပြောင်းလဲခြင်း၊ သစ်တော နယ်မြေများအတွင်းသို့ လူသားများ အခြေချ ဝင်ရောက်နေထိုင်ခြင်းနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်း၊ လူနှင့်တိရစ္ဆာန် ထိတွေ့မှု များလာခြင်း စသည့် အကြောင်းရင်းများကြောင့် Zoonotic Diseases ဟုခေါ်သော တောရိုင်းတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များမှ တစ်ဆင့် ရောဂါပိုးမွှားများ ပြန့်ပွားရန် အလားအလာများ တိုးမြင့်လာခဲ့သည်။ လူသားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သော အခြေအနေများကို ရင်ဆိုင်ရလျက်ရှိသည်။
ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းတို့ကြောင့် ကျန်းမာရေး ဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါပြဿနာများသည် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ အီဘိုလာဗိုင်းရပ်နှင့် ကိုဗစ်-၁၉ ကဲ့သို့သော ကူးစက်ရောဂါများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဆက်စပ်လျက်ရှိပြီး ကျန်းမာရေးနှင့် လူမှုစီးပွား ဆိုးကျိုးအန္တရာယ်များကို ဖြစ်ပေါ်စေသည်။
သစ်တောပြုန်းတီးခြင်း(Deforestation)နှင့် သစ်တောများ အပိုင်းပိုင်း ပြတ်တောက်ခြင်း (Forest Fragmentation)များကြောင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ဆုံးရှုံးပျောက်ကွယ်ပြီး လူများ အခြေချနေထိုင်ရာ မြို့၊ ရွာများနှင့် နီးကပ်စွာ လာရောက်နေထိုင်ခြင်း၊ လူသားနှင့် တောရိုင်းတိရစ္ဆာန် ပဋိပက္ခများ မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး ရောဂါကူးစက်နိုင်မှု အန္တရာယ်မှာလည်း မြင့်တက်လာစေမည်ဖြစ်သည်။ လူသားများအကြား ကူးစက်တတ်သော ရောဂါအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် တောရိုင်းတိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်လာခြင်းဖြစ်သဖြင့် လူသားများ ကျန်းမာရေး အတွက် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများဖြစ်သော သဘာဝသစ်တောများ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းကြရမည်ဖြစ်သည်။
အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအနေဖြင့် သစ်တော ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကျန်းမာရေး ချဉ်းကပ်မှု နည်းလမ်းတစ်ခု(One Health Approach))အဖြစ် ထည့်သွင်းစဉ်းစားပြီး ဖြေရှင်းရန် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ သစ်တောများနှင့်တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး ကဏ္ဍတွင် One Health Approach လုပ်ဆောင်ချက်များသည် ရောဂါအန္တရာယ် စီမံခန့်ခွဲမှုများ အတွက် အလွန်ထိရောက်နိုင်သည့်အတွက် သစ်တောများနှင့် ဂေဟစနစ် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက် ကြရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သစ်တောကို အခြေခံသော ရောဂါကုထုံးများ(Forest Therapy သို့မဟုတ် Forest Bathing)အဖြစ် ရောဂါများကို ကုသလျက်ရှိသည်။
သစ်တောများမှ စားရေရိက္ခာနှင့် ဆေးဝါးများ ပံ့ပိုးပေးသည့် အခန်းကဏ္ဍ အပြင် လူသားများ၏ စားဝတ်နေရေးကို မြှင့်တင်ပေးသည့် အခြားသော ဝန်ဆောင် မှုများကိုလည်း ပေးစွမ်းလျက်ရှိသည်။ ဥပမာအားဖြင့် သစ်တောများသည် နေအိမ်အဆောက်အဦ ဆောက်လုပ်ရေး၊ ဇီဝလောင်စာရရှိရေး၊ သစ်နှင့်အခြား သစ်တောထွက်ပစ္စည်းများ ထုတ်ယူ သုံးစွဲနိုင်ရေးတို့ အတွက် အထူးအရေးပါသည်။ သစ်တောများသည် စိုက်ပျိုးသီးနှံများ ကောင်းမွန်စွာ ထွက်ရှိနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော ဝတ်မှုန်ကူးခြင်း ကဲ့သို့သော ဂေဟစနစ် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် သစ်တောများဟာ လူသားများ၏ ကျန်းမာရေးကို မြှင့်တင်ပေးသည့် ယဉ်ကျေးမှုနှင့် အပန်းဖြေမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက်ရှိသည်။ ထို့ကြောင့် သစ်တော သယံဇာတများမှ ရရှိသည့် အစားအစာနှင့် ဆေးဝါးများသည် ပြည်သူလူထုအား အကျိုးပြုသည့် အထောက်အပံ့များ ဖြစ်သောကြောင့် အထူးအလေးထား ထိန်းသိမ်းကြရန် လိုအပ်သည်။
သန့်ရှင်းသော သောက်သုံးရေ ရရှိရေး သစ်တောများမှ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများအနက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုတစ်ခုမှာ သန့်ရှင်းသော သောက်သုံးရေ ရရှိစေခြင်းဖြစ်သည်။ သစ်တောသစ်ပင်များသည် မြေဆီလွှာနှင့် သဘာဝသစ်တောများမှ တစ်ဆင့် စီးဆင်းသွားသည့် ရေတွင်ပါဝင်သည့် ညစ်ညမ်းမှုများကို ဖယ်ရှားပေးသည့် သဘာဝရေစစ်များ (Natural Filter)ဖြစ်သည်။ ထို့ပြင် မြေကြီးထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာသည့် မိုးရေများကို စုဆောင်းသိမ်းဆည်းကာ မြေပေါ်၊ မြေအောက် ရေအရင်းအမြစ်များကို ပြန်လည်အားဖြည့်ပေးခြင်းဖြင့် လူသားများအတွက် အထောက်အပံ့ပြုလျက်ရှိသည်။
သစ်တောများ ဖုံးလွှမ်းလျက်ရှိသော ရေဝေရေလဲဒေသများ (Watershed Areas) နှင့် ရေတိမ်ဒေသများ(Wetlands) သည် ရေအရင်းအမြစ်များ ထိန်းသိမ်းပေးလျက်ရှိပြီး ကမ္ဘာ့ရေချိုပမာဏ၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံး မြို့တော်ကြီးများ၏ သုံးပုံတစ်ပုံသည် ၎င်းတို့အတွက် လိုအပ်သည့် သောက်သုံးရေ ရာခိုင်နှုန်းအများစုကို သစ်တောများ ဖုံးလွှမ်းနေသော သဘာဝထိန်းသိမ်းရေး နယ်မြေများမှ ရရှိသည်။
ထို့ကြောင့် ရေဝေရေလဲဒေသ သစ်တောများသည် မြေပေါ်၊ မြေအောက် ရေသယံဇာတများ ထိန်းသိမ်းရေး၊ လူသားများ၏ ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်ရေး အတွက် မရှိမဖြစ် လိုအပ်သော ရေချိုအရင်းအမြစ်များဖြစ်သည့် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ဆည်တမံများ၊ ရေတိမ်ဒေသများ ရေရှည်တည်တံ့ရေး အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။
လေကောင်းလေသန့်ရရှိရေး
သစ်ပင်သစ်တောများသည် အစာချက်လုပ်မှု လုပ်ငန်းစဉ် (Photosynthesis)မှ တစ်ဆင့် သက်ရှိများအတွက် လိုအပ်သော အောက်ဆီဂျင်ကို ထုတ်ပေးပြီး လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို စုပ်ယူသိုလှောင် ပေးသည့်အတွက် လူသားများ အပါအဝင် သက်ရှိအားလုံး ရှင်သန်ရေးအတွက် မရှိမဖြစ်အလွန်အရေးပါသည်။ သစ်တောများသည် သက်ရှိများ နေ့စဉ်ရှူရှိုက်နေသော လေကိုသန့်စင်ရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လေထုအတွင်းရှိ အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ၊ အလွန်သေးငယ်သည့် အမှုန်အမွှားများကို မြို့ပြသစ်တော၊ သစ်ပင်များက ဖယ်ရှားပေးခြင်းဖြင့် လူသားများ၏ ကျန်းမာရေးကို အထောက်အကူ ပြုလျက်ရှိသည်။
လေထုညစ်ညမ်းခြင်းကြောင့် လူ့ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ လေထုညစ်ညမ်းမှုကြောင့် တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူပေါင်း ၄ ဒသမ ၂ သန်းခန့် အသက်ဆုံးရှုံးရသည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစီရင်ခံစာအရ သိရှိရသည်။
လူသားများ အသက်ရှင်သန်ရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရန်အတွက် အချိန်တိုင်း ရှူရှိုက်နေရသော လေ၏ အရည်အသွေး ကောင်းမွန်စေရန် သစ်တောများ၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုကြရမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုလျှော့ချရေး
အပူချိန် အလွန်အမင်းမြင့်မားခြင်း၊ အလွန်အမင်း နိမ့်ကျခြင်း၊ မိုးရေချိန် အလွန်အမင်းများပြားခြင်း၊ မိုးခေါင်ခြင်း အစရှိသော ရာသီဥတုပြောင်းလဲမှုများကြောင့် လူသားများ၏ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသည်။ သစ်တောများသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများအပါအဝင် နောက်ဆက်တွဲ သက်ရောက်မှုများ လျော့ပါး သက်သာစေရေး အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်တောသစ်ပင်များသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို ဖယ်ရှားပေးခြင်း၊ သစ်သား၊ သစ်ရွက်များနှင့် အမြစ်များတွင် ကာဗွန်ကို သိုလှောင်ပေးခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုကို လျှော့ချပေးလျက်ရှိသည်။ ထို့ကြောင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်း အစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (Reducing Emissions from Deforestation and Forest Degradation REDD+)ကဲ့သို့ သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများကို ကမ္ဘာနှင့်တစ်ဝန်း သစ်တောကြွယ်ဝသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာကြသည်။
သစ်တောသယံဇာတများထိန်းသိမ်းရေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အနေဖြင့်လည်း သစ်တောပြုန်းတီးမှု လျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေး တို့အတွက် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့်-
- ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး သစ်တောကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြန်လည်ဆန်းစစ်ခြင်းနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊
- ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ပြီး ပဲခူးရိုးမဒေသတွင် သစ်ထုတ်လုပ်မှု(၁၀)နှစ် ရပ်ဆိုင်းခြင်းနှင့် သစ်တောများ အရှိန်အဟုန်ဖြင့် စိုက်ပျိုး ထိန်းသိမ်းပြုစုခြင်း၊
- ထာဝစဉ်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှုစနစ်ဖြစ်သည့် မြန်မာ့ရွေးချယ် စနစ် (Myanmar Selection SystemMSS))ကို ကျင့်သုံးပြီး ကျွန်းနှင့်သစ်မာများ ထုတ်လုပ်ရာတွင် နှစ်စဉ်တောထွက်(Annual Allowable Cut-AAC) ပမာဏထက် လျော့နည်းပြီး ထုတ်ယူခဲ့ခြင်း၊
- မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည် ဖော်ခြင်း၊
- တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်း အစီအစဉ်(၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) အကောင်အထည်ဖော်ခြင်း၊
- အမြဲတမ်းသစ်တော နယ်မြေများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စနစ်တကျ အစီအစဉ် ရေးဆွဲဆောင်ရွက်လျက်ရှိခြင်း၊
- ပြည်သူဗဟိုပြု သစ်တောလုပ်ငန်း တစ်ခုဖြစ်သော ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (Community Forestry CF) ကို နှစ် (၃၀) အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်း လျာထားချက်နှင့် အညီ ဧရိယာဧက ၂ ဒသမ ၂၇ သန်း တည်ထောင်နိုင်ရေး စနစ်တကျ တည်ထောင်ဆောင်ရွက်လျက်ရှိခြင်း၊
- သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း လုပ်ငန်း (REDD+)ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင်အထည်ဖော်လျက် ရှိခြင်း အစရှိသော လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကို ထိန်းသိမ်းစို့
သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများသည် သက်ရှိလောကအတွက် မရှိမဖြစ် လိုအပ်ပြီး ငွေကြေးအားဖြင့် တန်ဖိုးဖြတ်၍ မရနိုင်အောင် အဖိုးတန်လှသည်။ နွယ်ပင်၊ မြက်ပင်မှအစပြုပြီး အပင်မှန်သမျှ တန်ဖိုးအသီးသီးရှိကြ သဖြင့် အဆိုပါတန်ဖိုးများကို သိရှိနားလည်ပြီး တန်ဖိုးထား ထိန်းသိမ်းရန် လိုအပ်သည်။
“တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး”အတွက် အထောက်အကူပြုနိုင်ရန် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေး၊ သစ်တောများပြန်လည် တည်ထောင်ရေးနှင့် ဂေဟစနစ် တည်ငြိမ်ရေးတို့ကို အလေးပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံနှင့်အဝှမ်း သစ်တောများ ဖုံးလွှမ်းလျက် စိမ်းလန်းစိုပြည် သာယာမှသာလျှင် ရာသီဥတုမျှတ ကောင်းမွန်ကာ စားရေရိက္ခာအထွက်တိုးပြီး တိုင်းပြည်သာယာ ဝပြောလျက် ပြည်သူလူထုအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်း ကြမည်ဖြစ်သည်။
သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အစိုးရ ဌာနများသာမက ပြည်သူများအားလုံး ဝိုင်းဝန်း ပူးပေါင်းပါဝင်မှသာ အပြည့်အဝ အောင်မြင်မှု ရနိုင်မည်ဖြစ်သည်။ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများမှ သစ်တောသစ်ပင်များသာ အရေးကြီးသည်မဟုတ်ဘဲ သစ်တောနယ်မြေ ပြင်ပမှ သစ်ပင်များ၏ အခန်းကဏ္ဍကိုလည်း အထူးအလေးထား ထိန်းသိမ်းကြရမည်ဖြစ်သည်။ ကျေးလက်ပြည်သူများ အနေဖြင့် မိမိလယ်ယာခြံမြေ၊ ကျေးရွာများတွင် ရနိုင်သမျှသော မြေနေရာပေါ်တွင် ဘက်စုံသုံး သစ်ပင်များ စိုက်ပျိုးခြင်း၊ မိမိအိမ်ထောင်စုနှင့် မိမိကျေးရွာ လိုအပ်ချက် အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထုတ်လုပ်သုံးစွဲခြင်း၊ သစ်၊ ထင်း၊ ဝါး လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် တစ်အုပ်တစ်မ စိုက်ခင်း တည်ထောင်ခြင်း၊ သဘာဝ တောကျန်များ ထိန်းသိမ်းခြင်း၊ သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်း(Agroforestry)၊ မြို့ပြနေပြည်သူများ အနေဖြင့် မျက်စိပသာဒဖြစ်စေရန်နှင့် အရိပ်ရအေးမြစေရေး အတွက် သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း၊ သစ်မျိုးစုံဥယျာဉ်၊ ရုက္ခဗေဒ ဥယျာဉ်တည်ထောင်ခြင်း၊ အစိမ်းရောင်နယ်မြေများ(Green Zone)သတ်မှတ်၍ အရိပ်ရအပင်များ၊ မြို့ပြတောအုပ်ငယ်များ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
“တစ်သက်တာ စိတ်ချမ်းသာလိုလျှင် သစ်ပင်စိုက်ပါ”ဆိုသည့် စကားနှင့်အညီ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေရေးအတွက် လူတိုင်းလူတိုင်း သစ်ပင်စိုက်ရန် လိုအပ်သည်။ “ယခုအချိန်သည် သစ်ပင်စိုက်ရန် အကောင်းဆုံး အချိန်ဖြစ်သည်”ဆိုသည့်ဆိုရိုးနှင့်အညီ ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့၏ အနာဂတ် မျိုးဆက်သစ်များ အတွက်၊ ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးအတွက် ကျွန်ုပ်တို့အားလုံး သစ်ပင်စိုက်ကြရမည်။ ရာသီဥတုကောင်းမွန် သာယာမျှတစေရန်၊ စားရေရိက္ခာ ဖူလုံစေရန်၊ သစ်၊ ထင်း၊ ဝါးလောင်စာ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရန် ကျွန်ုပ်တို့အားလုံး သစ်ပင်စိုက်ပျိုးကြရမည်။ သစ်တောများ ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ကြရမည်။ တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင် ပြုစုထိန်းသိမ်းကြရမည်။
"Healthy Forests for Healthy People"
“လူသားအားလုံး ကျန်းမာဖို့၊ သစ်တောများကို ထိန်းသိမ်းစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ လူသားများ ကျန်းမာရေးအတွက် အကျိုးပြုလျက်ရှိသော သစ်တောသယံဇာတများ ရေရှည် တည်တံ့စေရန် ထိန်းသိမ်းကြပါစို့ဟု တိုက်တွန်းရင်း ၂၀၂၃ ခုနှစ် မတ် ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။
သစ်တောမောင်