အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် ယခုလကုန်ပိုင်းမှ စတင်ကာ စင်ကာပူနိုင်ငံသို့ လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် ယခုလကုန်ပိုင်းမှ စတင်ကာ စင်ကာပူနိုင်ငံသို့ လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းမည်

    အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် ယခုလကုန်ပိုင်းမှ စ၍ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း MAI မှ သိရသည်။

လက်ရှိတွင် MAI အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ခုနစ်ကြိမ် ပျံသန်းပေးလျက်ရှိပြီး မတ် ၂၈ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင်လည်း နောက်ထပ် လေကြောင်းခရီးစဉ် သုံးကြိမ် တိုးချဲ့ပျံသန်းမည်ဖြစ်ရာ   MAI မှ  စင်ကာပူနိုင်ငံသို့ လေကြောင်း ခရီးစဉ်မှာ တစ်ပတ်လျှင်  ၁၀  ကြိမ်  ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-စင်ကာပူ လေကြောင်းခရီးစဉ် သည် MAI လေကြောင်းလိုင်းတွင် ခရီး သည်စီးနင်းမှုများသော ပြည်ပလေကြောင်းလိုင်း ခရီးစဉ်ဖြစ်၍ ယခုကဲ့သို့ တိုးချဲ့ပျံသန်းရန် စီစဉ်ခြင်းဖြစ်သည်။ MAI အနေဖြင့် မတ် ၂၆ ရက်အထိ စင်ကာပူလေကြောင်း ခရီးစဉ်များတွင်  လက်မှတ်အားလုံး နီးပါး ရောင်းချထားပြီးဖြစ်ရာ ခရီးသည် အများစုသည်  စီးပွားရေးကိစ္စဖြင့်  သွားရောက်သူများ ရှိသကဲ့သို့ အလည်အပတ် သွားရောက်သူများလည်း ရှိကြောင်း သိရသည်။

MAI သည်  Airbus  A320  လေယာဉ်များဖြင့် အာရှတိုက် လေကြောင်းခရီး စဉ်များ၊ ဒူဘိုင်းလေကြောင်း ခရီးစဉ်များကို အဓိကထား ပျံသန်းပေးလျက်ရှိပြီး အိန္ဒိယနိုင်ငံ   ဒေလီမြို့သို့လည်း   တစ်ပတ်လျှင် သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ပျံသန်းပေးလျက်ရှိသည်။

ထို့ပြင် MAI အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံရှိ ဖနွမ်းပင်လေဆိပ်၊ ဗီယက်နမ်နိုင်ငံရှိ ဟနွိုင်းလေဆိပ်နှင့် ဟိုချီမင်းလေဆိပ်၊ ထိုင်းနိုင်ငံရှိ   ဖူးခက်လေဆိပ်၊   ချင်းမိုင်လေဆိပ်နှင့်   ဗန်ကောက်လေဆိပ်တို့သို့လည်း  ပျံသန်းပေးလျက် ရှိကြောင်း  သိရသည်။