စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေး

စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေး

နေပြည်တော်  မတ်  ၂၁

    ၂၀၂၃ ခုနှစ် မတ်  ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံ လင်ချမ်းမြို့ မြို့တော်ဝန် Mr. Du Jianhui တို့ဦးဆောင်၍ စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃) နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေးကို မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင် ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး (၄)ကြိမ်မြောက် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချမ်း) နယ်စပ်စီးပွားကုန်စည်ပြပွဲ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် ရေးထိုးနိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်မှ တွန်းအားပေး ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်မှ ဖြတ်ကျော်သည့် တတိယ နိုင်ငံ၏ ကုန်ပစ္စည်းကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေး၊ နယ်စပ်ဂိတ်ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ် တာဝန်ခံများနှင့် တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ် ရှစ်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။