ဖားဆောင်းမြို့နယ်၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်

ဖားဆောင်းမြို့နယ်၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်

    ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့   မြို့နယ်သာသနာရေး ဦးစီးဌာန ဌာနဆိုင်ရာများနှင့်  မြို့မိမြို့ဖဒါယကာ၊ ဒါယိကာမများ ပူးပေါင်း၍ မတ် ၂၁ ရက် နံနက်ပိုင်းတွင် မွေတော်ပရိယတ္တိ စာသင်တိုက်၌ နိုင်ငံတော်မှချီးမြှင့်သော ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မော်ချီးတောင်တန်း သာသနာပြုကျောင်း ဆရာတော်ဘဒ္ဒန္တသီလဝံသ အရှင်သူမြတ်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား   ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး မော်ချီးတောင်တန်း သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြကာ ပင့်သံဃာအရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ မြို့နယ်သာသနာရေးမှူး ဦးမျိုးမြင့်ကိုက သာသနာတော်ဆိုင်ရာ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားပူဇော်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို   ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မော်ချီးဒေသ သာသနာ့အလင်းရောင် ကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း သိရသည်။