(၇၈)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

(၇၈)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် မတ် ၂၂

      (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ် သည်။

      အဆိုပါ အလှူငွေပေးအပ်ပွဲသို့ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် မြင့်ကျော်ထွန်းနှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

     ဦးစွာ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကုမ္ပဏီ (၁၆၃)ခုနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေ စုစုပေါင်း ငွေကျပ် (၁,၁၃၂,၇၈၀,၀၀၀)နှင့် အမေရိကန်ဒေါ်လာ (၂၅၀၀) တို့ကို ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော်နေ့ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယ တပ်မတော်လေ့ကျင့် ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေး၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် မြင့်ကျော်ထွန်း တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြ သည်။

       ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

       ဂုဏ်ပြုအလှူငွေပေးအပ် လှူဒါန်းပွဲအပြီးတွင် တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြကြောင်း သတင်းရရှိသည်။