အကြမ်းဖက် သောင်းကျန်းသူများ၏ ရက်စက်ကြမ်းကြုတ်စွာ မိုင်းခွဲတိုက်ခိုက်မှုဒဏ်ကြောင့် အမြန်လူစီးရထား ထိခိုက်ပျက်စီး၍ ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

အကြမ်းဖက် သောင်းကျန်းသူများ၏ ရက်စက်ကြမ်းကြုတ်စွာ မိုင်းခွဲတိုက်ခိုက်မှုဒဏ်ကြောင့် အမြန်လူစီးရထား ထိခိုက်ပျက်စီး၍ ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ 

နေပြည်တော်၊ မတ် - ၂၂

      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူ လူထု ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး အတွက် ရည်ရွယ်၍ အမြန်လူစီးရထားခရီးစဉ် (၁၈)ခု၊ စာပို့ရထားခရီးစဉ် (၁၂)ခု၊ လူစီးကုန်တင် ရထားခရီးစဉ် (၈)ခုတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)ခု၊ စုစုပေါင်း ရထား ခရီးစဉ် (၆၈)ခုတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။

   ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အမြန်ရထား(၄)စင်း၊ စာပို့ရထား(၂)စင်းနှင့် လူစီးကုန်တင် ရထား (၂)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ လက်ရှိအခြေအနေအရ အခြေခံပညာကျောင်းများ အတန်းတင် စာမေးပွဲပြီးစီးပြီဖြစ်၍ ပြည်သူများသည် မိသားစုအလိုက် ခရီးဝေးသွားလာခြင်း၊ ဘုရားဖူးခရီးစဉ်များ  သွားလာခြင်းတို့ဖြင့် ရထားများအားလုံးတွင် ခရီးသည်များ တွဲဆိုင်းအပြည့် လိုက်ပါ စီးနင်းလျက်ရှိသည်။

     အဆိုပါ ရထားခရီးစဉ်များအနက် ရန်ကုန်မှ မတ် ၂၁ ရက် ညနေ ၃နာရီ ၄၅မိနစ်တွင် မန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ်(၃)အဆန် လူစီးအမြန်ရထားသည် ယနေ့နံနက် ၁ နာရီ ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက်ဘူတာ အကြား မိုင်တိုင်အမှတ် (၁၄၂/၉-၁၀)အား ဖြတ်သန်းခုတ်မောင်းစဉ် အကြမ်းဖက်သောင်းကျန်းသူ များက ယုတ်မာပက်စက်စွာဖြင့် ရထားလမ်းဘေးမှ အင်အားပြင်း လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့သဖြင့် ရထားစက်ခေါင်း၏ လေကာမှန်များ ကွဲအက်ပျက်စီးခြင်း၊  စက်ခေါင်းနောက်ကပ်လျက် ရိုးရိုးတန်းလူစီးတွဲ၏ တက်/ဆင်းပေါက် တံခါးမကြီးတစ်ခု ပြုတ်ထွက်ခြင်း၊ ပြတင်းပေါက် နှစ်ပေါက် ပျက်စီးခြင်းအပြင် စီမံကိန်းဆောင်ရွက်နေသည့် အစုန်လမ်းပေါ်မှ ကွန်ကရစ်ဇလီးဖားတုံးအသစ် (၃)တုံးတို့ ပျက်စီးခဲ့ခြင်းစသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် အဆိုပါလူစီးတွဲ၌ လိုက်ပါလာသည့် ခရီးသည် အမျိုးသား(၂)ဦးတို့၏ ဦးခေါင်းနှင့်လက်တို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အား  ကျွဲပွဲဆေးရုံသို့ ချက်ချင်းပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရှိရ သည်။

     အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် အမှတ်(၃)အဆန် လူစီးအမြန်ရထားသည် ၂ နာရီခန့်၊ အမှတ်(၆) အစုန် လူစီးအမြန်ရထားသည် ၅ နာရီ ၃၀ မိနစ်ခန့်နှင့် အမှတ်(၄)အစုန် လူစီး အမြန် ရထားသည် ၃ နာရီ ၃၀ မိနစ်ခန့် နီးစပ်ရာဘူတာများတွင် စောင့်ဆိုင်း ကြန့်ကြာခဲ့ရသဖြင့် ရထားစီး ခရီးသည် စုစုပေါင်း (၃၀၀၀)ဦးခန့်တို့သည် လမ်းခရီး၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

    မိုင်းဖောက်ခွဲမှုဖြစ်စဉ် နေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းမှု ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်း ဆောင်ရွက်နေသည့် အစုန်လမ်းပေါ်တွင် အင်အားပြင်းထန်သော လက်လုပ်မိုင်းဗုံးအား တပ်ဆင်ထားပြီး အဆန်လမ်းပေါ်မှ ခုတ်မောင်းလာသည့် လူစီးအမြန်ရထားအား အချိန်ကိုက် အကြမ်းဖက် ဖောက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်နေရာအနီးရှိ လယ်ကွင်းထဲတွင် မဖောက်ခွဲရသေးသည့် လက်လုပ် မိုင်းဗုံးတစ်လုံး တပ်ဆင်ထားသည်ကိုလည်း ထပ်မံဖော်ထုတ် တွေ့ရှိရပါသဖြင့် ရထားနှင့် ခရီးသည် များကိုသာမက ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းကိုပါ ထိခိုက်ပျက်စီးရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုကို စက်ဆုပ် ရွံရှာဖွယ် သိရှိရသည်။

    သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း(၁၀၉)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၃၇)ကြိမ်၊ ဘူတာများအား မီးရှိုဖျက်စီးခြင်း(၁၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်းနှင့် အဆိုပါ အကြမ်း ဖက်သောင်းကျန်းသူများအား ပြည်သူတစ်ရပ်လုံးမှ ရွံ့ရှာမုန်းတီးလျက် ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချမှုများဖြင့် တုံ့ပြန်လျက် ရှိကြောင်း သတင်းရရှိသည်။