(၂၃)ကြိမ်မြောက် "Baltic Sea Day" ဆိုင်ရာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖိုရမ်၏ အဏ္ဏဝါနှင့် ကမ်းရိုးတန်း သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 (၂၃)ကြိမ်မြောက် "Baltic Sea Day" ဆိုင်ရာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖိုရမ်၏ အဏ္ဏဝါနှင့် ကမ်းရိုးတန်း သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်  မတ်  ၂၂

 

(၂၃) ကြိမ်မြောက် "Baltic Sea Day" ဆိုင်ရာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖိုရမ်၏   အဏ္ဏဝါနှင့်  ကမ်းရိုးတန်း သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ Hybrid format ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်သည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေလေးခု ဖွဲ့စည်းထားပြီး ဒီရေတော၊ ကမ်းရိုးတန်းဂေဟစနစ်နှင့်    ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ကို ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း    သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီမှ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ရင်းနှီးမြှုပ်နှံနိုင်မည့်နယ်ပယ်များကို ရှာဖွေဖော်ထုတ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ်းရိုးတန်းသယံဇာတများကို ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရန်၊ ကမ်းရိုးတန်း ဂေဟစနစ် ဝန်ဆောင်မှုများနှင့်  ကမ်းရိုးတန်းဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန် ကဏ္ဍစုံပါဝင်သော ကမ်းရိုးတန်းစီမံအုပ်ချုပ်မှု (Integrated Coastal Management-ICM) ရေးဆွဲ၍ အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့်အပြင် အဏ္ဏဝါအမှိုက်သရိုက်စုပုံမှုတိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် ပလတ်စတစ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်ကိုရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းဖိုရမ်သည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ သဘာဝအရင်းအမြစ် အသုံးပြုမှုနှင့် ဂေဟစနစ် ဘေးကင်းလုံခြုံရေးအတွက် ရုရှားနိုင်ငံ၏ အနောက်-မြောက်ပိုင်းတွင်ကျင်းပသည့် အကြီးဆုံးဖိုရမ်ဖြစ်ပြီး ဆွေးနွေးပွဲတွင် အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေများ၏ အခန်းကဏ္ဍ၊ အဏ္ဏဝါဒေသများနှင့် ကမ်းရိုးတန်းများတွင် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုဖြစ်စေသည့် သက်ရောက်မှုများကို ကာကွယ်ရေး၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စသည်တို့နှင့် စပ်လျဉ်း၍တက်ရောက်လာသော ပတ်ဝန်းကျင်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သိပ္ပံနှင့်သုတေသနကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။