စတုတ္ထအကြိမ်မြောက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

စတုတ္ထအကြိမ်မြောက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  မတ်  ၂၂

 

နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့ အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှလှူဒါန်းသည့် စတုတ္ထအကြိမ်မြောက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ   လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့  နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်အမှူးပြုသော ဆရာတော်ကြီးကိုးပါးတို့ ကြွရောက်တော်မူကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆရာတော်ကြီး ကိုးပါးတို့က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၅၁၂၁ ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အစီအစဉ်ကို ဆောင်ရွက်တော်မူကြသည်။

ထို့နောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များရွတ်ဖတ်ပူဇော်အပ်သော မေတ္တသုတ်ပရိတ် တရားတော်မြတ်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် မြတ်များ  ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပူဇော်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ မုဒိတာပွားနိုင်စေရေး အလှူရှင်များစာရင်းအား ဖတ်ကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးတို့က သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဧည့်ပရိသတ်များက နေပြည်တော်    တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ  သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိဝန်ထမ်းများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော်စည်ပင် သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ အခြေခံပညာကျောင်းများအတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။