ပညာသင်ယူပိုင်ခွင့်နှင့် ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

ပညာသင်ယူပိုင်ခွင့်နှင့် ပတ်သက်သည့် အရေးကြီးသော စဉ်းစားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၃)

လူတိုင်းတွင် ပညာသင်ယူပိုင်ခွင့် (the right to education) ရှိကြောင်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၂၆ တွင် အတိအလင်း ပြဆိုထားပါသည်။ ထိုအခွင့်အရေးကို အကောင်အထည်ဖော်ရာတွင် တန်းတူရည်တူ ပညာသင်ယူခွင့်ကို အခြေခံလိုအပ်ချက်အဖြစ် အသိအမှတ်ပြု ဖော်ပြကြပါသည်။ ဤအခွင့်အရေးကို အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ရာတွင် အခြေခံပညာ အဆင့်များ၌ အခမဲ့ပညာသင်ယူခွင့် ရရှိရေးသည် အလွန်အရေးပါသော အချက်များဖြစ်ပြီး မသင်မနေရ မူလတန်းပညာရေး သဘောတရားကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ နိုင်ငံတော်အစိုးရ၏ KG+9 မူဝါဒကို အကောင်အထည်ဖော် ဆောင်မှုသည်လည်း ဤသတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပါသည်။

အဓိပ္ပာယ်ပြည့်ဝသော ပညာသင်ယူပိုင်ခွင့် ရရှိရေးတွင် ပညာသင်ယူရန် လွယ်ကူအဆင်ပြေမှုနှင့် တန်းတူရည်တူ ရှိမှုတို့သည် မရှိမဖြစ်လိုအပ်သော အခြေအနေများဖြစ်ကြပါသည်။ မည်သည့် နေရာတွင် သင်ကြားခွင့်ရှိသည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတွင် မည်သည့် သင်ခန်းစာများ ပါဝင်သည်ဖြစ်စေ၊   သင်ကြားပို့ချသူ ဆရာ/ဆရာမများသည် မည်သူများပင်ဖြစ်စေ ပညာရေး၏ အန္တိမရည်မှန်းချက်သည် ကျောင်းသူ/ကျောင်းသားများ၏ အကျိုး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်မည့် လူသားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ အပြည့်အဝဖွံ့ဖြိုး တိုးတက်စေရန်ပင်ဖြစ်သည်။ ပညာတတ်ပုဂ္ဂိုလ်များသည်  အမှန်စင်စစ်  နိုင်ငံအတွက် အရေးကြီးသော အဖိုးတန်ရတနာများဖြစ်သည်ကို ထင်ထင်ရှားရှား သိမြင်ကြမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ရှုမြင်မည်ဆိုပါက ပညာသင်ယူပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်အတွက် အမြော်အမြင်ရှိသည့် လမ်းစဉ်တစ်ရပ် ဖြစ်ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၂၆ အား အပြည့်အဝ အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အားလုံးက ကြိုဆိုကြလိမ့်မည်ဟု   မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်