ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဝန်ထမ်းသစ်များအား လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဝန်ထမ်းသစ်များအား လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်၊ သင်တန်း

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသစ်ခန့်ထားသည့် ဝန်ထမ်းသစ်များအား လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဇော်နောင်က ဝန်ထမ်း သစ်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာန၏မူဝါဒ၊ လုပ်ငန်းစဉ်များ   အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်ပြီး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ ၁၅  ဦး  တက်ရောက်ကြပြီး  သင်တန်းကို မတ် ၂၂ ရက် မှ ၂၄ ရက်အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။     

 ချမ်းမြေ့