(၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်

 (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်

နေပြည်တော်  မတ်  ၂၂

    ရုရှားဖက်ဒရေးရှင်းနိုင်ငံ  စိန့်ပီတာစဘတ်အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့၌   (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဖိုရမ်နှင့်အတူ ပူးတွဲကျင်းပသည့် "Baltic Sea Day"  သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ online ဖြင့် တက်ရောက်သည်။

ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင်   ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လူသားများအတွက် ပင်လယ်သမုဒ္ဒရာ၏ အရေးပါမှု၊ အဏ္ဏဝါရေပြင် အသုံးပြုသူများ အတွက် ဟန်ချက်ညီသော အစီအမံများ ချမှတ်ရန် လိုအပ်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း များအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများနှင့် မြန်မာနိုင်ငံအနေဖြင့် ရေနံယိုဖိတ်မှုကြောင့် အဏ္ဏဝါဂေဟစနစ်နှင့်  လူ့အဖွဲ့အစည်း အပေါ် ဆိုးကျိုးသက်ရောက်မှုများ မရှိစေရန် ကာကွယ်ရေး အစီအမံများ ရေးဆွဲဆောင်ရွက်လျက်ရှိမှု၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပွားပေါ်ပေါက်ရသော ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ သမုဒ္ဒရာတွင်း  အက်စစ်ဖြစ်ထွန်းခြင်း၊ ပင်လယ်ရေမျက်နှာပြင်  မြင့်တက်ခြင်း၊ ပင်လယ်ရေထုညစ်ညမ်းခြင်း    စသော သဘာဝဘေး အန္တရာယ်များ၊ မျက်မှောက်ခေတ်နှင့် အနာဂတ် မျိုးဆက်များအတွက် နိုင်ငံတော်က   ရေရှည်တည်တံ့သာယာ ဝပြောသော လူ့အဖွဲ့အစည်းအဖြစ် ဖော်ဆောင်ရန်ဟူသည့်   မဟာဗျူဟာချမှတ် ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဖိုရမ်ကို  ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရက နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး ယခု (၂၃)ကြိမ်မြောက်ကို မတ်၂၂ ရက်နှင့်၂၄ ရက်တို့တွင်  ပင်လယ်ရေထု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့မှ အကြီးအကဲများ၊ သဘာဝ အရင်းအမြစ်များနှင့် ဂေဟစနစ် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘာသာရပ်ကျွမ်းကျင်သူများ၊ သိပ္ပံပညာရှင်များ၊ သုတေသနပညာရှင်များနှင့်   တရုတ်၊ ဗီယက်နမ်၊ ဘီလာရုစ်နိုင်ငံတို့ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် တက်ရောက်ကြပြီး   မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ သက်ဆိုင်ရာ ဌာနအကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။