(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၅၃၈ တွဲ ရောင်းချနိုင်

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၅၃၈  တွဲ ရောင်းချနိုင်

နေပြည်တော်  မတ်  ၂၂

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက် ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀  အနက် ကျောက်စိမ်းအတွဲ အမှတ် ၇၅၁ မှ ၁၅၀၀ အထိ အတွဲပေါင်း ၇၅၀ အထိကို   ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ  ကျောက်စိမ်းအတွဲပေါင်း ၅၃၈ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။

ပြပွဲသတ္တမနေ့တွင်ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ အနက် ကျောက် စိမ်းအတွဲအမှတ် ၁၅၀၁ မှ ၂၁၅၀ အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်စိမ်းအတွဲအမှတ် ၁၅၀၁ မှ ၂၁၅၀ အထိ တင်သွင်းထားသည့်  ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ  မတ် ၂၃ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများကို ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင်  ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက် အတွဲပေါင်း ၁၂၀ ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကို လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၂၁၅၀ အနက် ကျောက်စိမ်းအတွဲ ၁ မှ ၇၅၀ အထိ အတွဲပေါင်း ၇၅၀ ကို မတ်၂၁ ရက်တွင်  ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၅၇၆ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ယခုကဲ့သို့ ပြပွဲများကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်းဖြင့် ကျောက်မျက်ရတနာ ရောင်းဝယ်သူများ အတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ကိုင်သူများ အတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များ အဆင်ပြေစေခြင်း စသည့်အခွင့်အလမ်း များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ယခုကျင်းပသည့် (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်း ဖြစ်ကြောင်း သိရသည်။