မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ(စတုတ္ထအကြိမ်) အစည်းအဝေးကျင်းပ

နေပြည်တော်  မတ်  ၂၂

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ(စတုတ္ထအကြိမ်) အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ (စတုတ္ထအကြိမ်) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက  မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာ စုစည်းနေထိုင်သည့်နိုင်ငံဖြစ် သည်နှင့်အညီ ဒေသအသီးသီးမှ တိုင်းရင်းသားညီအစ်ကိုများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်းရာ ထောင်မကသည့် ကာလများစွာကပင် ပေါကြွယ်စွာ တည်ရှိခဲ့ကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ ဘာသာစကား၊ နှုတ်ပြော အစဉ်အလာ ဖော်ပြချက်များ၊  ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊ လူမှုထုံးတမ်းအစဉ်အလာများ၊ ပွဲလမ်းသဘင်များ၊ စကြဝဠာတို့နှင့် သက်ဆိုင်သည့် အသိပညာနှင့်ထုံးစံများ၊ ရိုးရာလက်မှုပညာများ အစရှိသဖြင့် ပါဝင်ကြကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန်၊ အလေးထားတန်ဖိုးထားရန်၊ ထိန်းသိမ်း မြှင့်တင်အားပေးရန်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ယူနက်စကို၏ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်ကို ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာတိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်  သမိုင်းတင်ခေတ်မှစ၍ ယနေ့အထိတိုင်အောင် ကိုယ်ပိုင်အက္ခရာ စာပေအရေးအသား၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြကြောင်း၊ ထိုသို့ နှစ်ကာလ ရာထောင်ကျော်ကြာမြင့်နေပြီဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မှေးမှိန်ပျောက် ကွယ်မသွားစေရန်နှင့် ရေရှည်တည်တံ့စေရန် နိုင်ငံသားတိုင်း တာဝန်သိစိတ်ဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ် ကြောင်း။

ဒေသအသီးသီးတွင်ရှိသည့် တစ်မူထူးခြားသည့် ဒြပ်မဲ့အမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အသွင်အပြင်လက္ခဏာ၊ မှတ်တမ်းမှတ်ရာများစာရင်းပြုစုခြင်း၊ သုတေသနပြုစုခြင်း၊ စနစ်တကျ စုဆောင်းမှတ်တမ်းပြုစုခြင်း၊ ကမ္ဘာကသိရှိအောင် စာရင်းများထုတ်ပြန်ခြင်း၊ ကာကွယ်ထိန်းသိမ်းမှုများဆောင်ရွက်ခြင်း၊ ပျောက်ကွယ်ဆုံးရှုံးသွားခြင်းမရှိအောင် ထိန်းသိမ်းမြှင့်တင်ပေးခြင်း၊ ထောက်ပံ့ကူညီပေးခြင်း၊ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန် ပံ့ပိုးကူညီခြင်း စသည်တို့ကို  ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရန် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဌာနများ၊ ပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့များ၊ NGO များ၊ ဝါသနာရှင်များနှင့် ပြည်သူလူထုကပါ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်အဆက်ဆက် သမိုင်း ပညာရှင်များ၊ စာပေပညာရှင်များ၊ သုတေသီများ၊ အုပ်ချုပ်သူများနှင့် ပြည်သူများက သူ့ခေတ်သူ့အခါ၊      သူ့နည်းသူ့ဟန်နှင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်ကို တွေ့မြင်နိုင်ကြောင်း၊ မကြာမီရောက်ရှိလာတော့မည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကိုလည်း မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသားဒေသများတွင် မိမိတို့ ဒေသအလိုက် ကျင်းပလာခဲ့ကြကြောင်း၊  မိမိတို့နိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ရေသဘင်ပွဲဆင်နွှဲရုံတစ်ခုတည်း မဟုတ်ဘဲ ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှု၊ လူမှုရေးအစဉ်အလာဓလေ့များ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ရိုးရာဓလေ့များ၊ သဘာဝ စကြဝဠာဆိုင်ရာ ဗဟုသုတ စသည့်ဒြပ်မဲ့ယဉ်ကျေးမှုနယ်ပယ်(၅)ရပ်လုံး ပါဝင်နေသည့်  အလွန်လေးနက် အနှစ်သာရရှိသည့်  ပွဲတော် ဖြစ်ကြောင်း၊ အတာရေပက်ဖျန်းသည့်  သင်္ကြန်ပွဲတော်မျိုးကို အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများဖြစ် သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှာပါ ပြုလုပ်ကြကြောင်း၊ ဒေသအတွင်း နိုင်ငံများ၏ ယဉ်ကျေးမှုပျံ့နှံ့မှု၊ ကူးလူးဆက်ဆံမှု၊ နှစ်ပေါင်းရာထောင်ချီသည့် ကာလမှစပြီး ယနေ့တိုင် ဒေသတွင်းနိုင်ငံများတွင် ရှင်သန်နေဆဲဖြစ်သည့်အတွက် လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများအားလုံးနှင့် သက်ဆိုင်သည့် ရှင်သန်နေဆဲ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်ဟုလည်း  ဆိုနိုင်ကြောင်း၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များကလည်း ယခုနှစ် မဟာသင်္ကြန်၏    ရိုးရာမပျက် ကျင်းပပုံများကို မှတ်တမ်းတင်နိုင်အောင် ဆောင်ရွက်ခြင်းများနှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရှင်များနှင့် မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များ က အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မိမိတို့ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကိစ္စများနှင့် ဆောင်ရွက်သင့်သည်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)