မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတား ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းနှင့် ဆင်ခြေလျှောတံတားများ တည်ဆောက်မှု ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် နေ့ညမပြတ် ဆောင်ရွက်လျက်ရှိ

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတား ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းနှင့် ဆင်ခြေလျှောတံတားများ တည်ဆောက်မှု ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် နေ့ညမပြတ် ဆောင်ရွက်လျက်ရှိ

ရန်ကုန်  မတ်  ၂၂

    မြန်မာနိုင်ငံတွင် အထင်ကရပြယုဂ်တစ်ခု ဖြစ်စေမည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး(ဒလ)တံတားကြီးကို ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေး လုပ်ငန်း များစတင်ဆောင်ရွက်ခဲ့ရာ မြစ်ကူးတံတား နှစ်ဖက်မှ ချဉ်းကပ်လမ်းပိုင်းနှင့် ဆင်ခြေ လျှောလုပ်ငန်းများ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း တွင်ပြီးစီးရန် နေ့ညမပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုအခါ တံတားကြီး၏ပုံသဏ္ဌာန်မှာ ရုပ်လုံးပေါ်လာပြီဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း တွင် ဘုန်းကြီးလမ်းသို့ နှစ်လမ်းမောင်းတံတား တစ်စင်း၊ ဆူးလေဘုရားဘက်သို့ တစ်လမ်း မောင်းတံတားတစ်စင်း၊ အလုံမြို့နယ်ဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်းဖြင့် စုစုပေါင်း တံတားသုံးစင်း သွယ်ဆင်းသည့် ပမာ တည်ဆောက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်း တံတားများတွင် ရန်ကုန်-ဒလမြစ်ကူး တံတားသည် အကြီးဆုံးနှင့် အရှည်ဆုံးဖြစ်ပြီး  တံတား အရှည်မှာ ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိသည်။  သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းဖြင့် ဘိုးပိုင်အုတ်မြစ် တံတားတစ်ခုဖြစ်ပြီး တံတား၏ တစ်ဖက်တစ်ချက်တွင် ၄ မီတာကျယ်ဝန်းသော လူသွားလမ်းပါရှိ၍ တံတားခံနိုင်ဝန် မှာ ၇၅ တန်ဖြစ်သည်။ တံတား၏ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၅၇၇ မီတာ ရှိပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၆၀၁ မီတာ၊ ရေလယ်ပင်မတံတား အရှည်သည် ၆၉၀ မီတာဖြင့် စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာဖြင့် တည်ဆောက်ထားကာ  ဆင်ခြေလျှောတံတားများ အကျယ်သည် ၂၃ ပေဖြစ်သည်။ ပင်မတံတားကြီး၏ အောက်ဘက်တွင် တန်ချိန်တစ်သောင်းခွဲ (DWT) ရှိ  နိုင်ငံတကာ ကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ရေလမ်းကင်းလွတ် အမြင့် ၄၉ မီတာ(၁၆၀ ပေ) ၌ ရေလမ်း ကင်းလွတ် အကျယ် ၃၀၁ မီတာ (၉၉၈ ပေ)ဖြင့် တည်ဆောက်ထားသည်။

တံတားကြီးကို တည်ဆောက်ရာတွင် ပင်မတံတားသည် အရေးအကြီးဆုံးဖြစ်ပြီး PY-1နှင့် PY-2ရေလယ်ပိုင်းခန်းဖွင့် တာဝါတိုင်ကြီးနှစ်ခုဖြင့် ကေဘယ်လ်ကြိုးဆိုင်း တံတားကို နိုင်ငံတကာအဆင့်မီ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော CCEC တရုတ်နိုင်ငံမှ တည်ဆောက်လျက်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကိုရီးယားနည်းပညာကို အသုံးပြု၍   တည်ဆောက်လျက်ရှိကာ ရေလယ်အပိုင်း အဓိက အစိတ်အပိုင်းဖြစ်သော တာဝါတိုင်နှစ်ခု၏ အကွာအဝေးသည် မီတာ ၃၇၀  အကျယ်ရှိသည်။

“လက်ရှိတည်ဆောက်နေမှုက ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား ပီစီဂါဒါတွေ အားလုံးတင်ပြီး ကွန်ကရိဆလက်လောင်း ပြီးဖြစ်ပါတယ်။ ဆင်ခြေလျှောတံတားနှစ်စင်း ကိုလည်း   သံမဏိသံပေါင်ရက်မတင်တဲ့ လုပ်ငန်းတွေ လက်ရှိဆောင်ရွက်နေပြီးတော့ မကြာမီကာလမှာ ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းပိုင်းတွေ  ဆောင်ရွက်ပြီးစီးသွား မှာပါ။ အလားတူ ဒလဘက်ခြမ်းမှာလည်း ကြိုတင်အားဖြည့် ကွန်ကရိရက်မ ပီစီဂါဒါတင်တဲ့ လုပ်ငန်းတွေဆောင်ရွက်နေပြီး ကွန်ကရိ ဆလက်လောင်းတဲ့ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမှာပါ။ တံတားရဲ့ပင်မတံတား ဟာ ရေလယ်က PY-1  နဲ့ PY-2 ဖြစ်တာ ကြောင့် PY-1 ဟာ မီတာ ၅၀ အမြင့်ကို ရောက်နေပြီး   ရန်ကုန်ဘက်ခြမ်းက  PY-2 ဟာ အမြင့် ၄၅ မီတာခန့်ရောက်နေပါပြီ။ ပင်မတံတားဟာ အမြင့်မီတာ ၁၃၀ ကျော် မြင့်တာကြောင့် နေ့ဆိုင်းညဆိုင်းနဲ့ကြိုးစား ဆောင်ရွက်နေပါတယ်။ တံတားတစ်စင်းလုံး အနေနဲ့   ၅၄ ရာခိုင်နှုန်းပြီးစီးနေပါပြီ။

သံမဏိကြိုးဆိုင်းတံတားဟာ  ပင်မတံတား ကြီးဖြစ်တာကြောင့် PY-1  နဲ့ PY-2  က ကေဘယ်လ်ချောင်းတွေနဲ့ ဆက်နေပါပြီ။ ဆင်ခြေလျှော တံတားများနဲ့  ချဉ်းကပ် တံတား၊ ချဉ်းကပ်လမ်းပိုင်း လုပ်ဆောင်မှုဟာ ဒီနှစ်ကုန်ပိုင်းမှာ ပြီးစီးမှာဖြစ်ပြီးတော့ တံတားကြီးတစ်ခုလုံး တည်ဆောက်မှုဟာ ၂၀၂၄ ခုနှစ်မှာ ပြီးစီးဖို့ဆောင်ရွက်နေပါ တယ်”ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ကောင်းချိုက ပြောကြားသည်။

၂၀၁၃ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ ကိုရီးယားနိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံ ၌ တံတားတစ်စင်း တည်ဆောက်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီမှုဖြင့် ထိုနှစ်တွင် ဖြစ်တန်စွမ်းလေ့လာမှုကို ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံ အကူအညီဖြင့် ကနဦး ဆောင်ရွက်မှုမှ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ သက်သာ သော အတိုးနှုန်းချေးငွေစာချုပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်မှတ်ရေးထိုး၍ တံတားတည်ဆောက်မှုကို စတင်ခဲ့သည်။ တံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ GS Engineering Group  မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း ကုန်ကျ မည်ဖြစ်သည်။

မြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးသွားပါက စိုက်ပျိုးရေးနှင့် ရေထွက်ကုန် အဓိကထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး နှင့် နိုင်ငံတကာသို့ အဓိကပို့ကုန်များ တင်ပို့ ရာ ရန်ကုန်တိုင်းဒေသကြီးတို့ စီးပွားရေး အခွင့်အလမ်းများစွာ ပေါ်ထွန်းလာမည်ဖြစ်ပြီး တိုင်းဒေသကြီးနှစ်ခု၏ စီးပွားရေးအချက် အချာကျရာ တံတားကြီးတစ်စင်းအဖြစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးတွင် အထောက်အပံ့ကောင်း များစွာရရှိလာမည့်အပြင် ဧရာဝတီ တိုင်းဒေသကြီး၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၏ ရွှေလမ်း၊ ငွေလမ်းတံတားကြီးတစ်စင်း အဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး မြစ်ကူးတံတားကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံး နှင့် အရှည်ဆုံး တံတားကြီးတစ်စင်းအဖြစ်  ပေါ်ထွန်းလာမည်ဖြစ်သည်။