နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော်  မတ်  ၂၂

    နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် “ ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်  UWSP၊ NDAA ၊ SSPP ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့အား   ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။ 

ထို့နောက်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အစီအစဉ်၊ အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲ အစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး  ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ  ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ( UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ  ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ    တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့ကိုယ်စား “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုက နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။

ထို့နောက် အဖွဲ့အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေး ကိစ္စတို့အား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် နှစ်ဖက်ဆွေးနွေးချက်များအရ သဘောတူညီချက်များ ရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ်လ ၂၃ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး သဘောတူညီချက်များ လက်မှတ် ရေးထိုးကြမည်ဖြစ်ကြောင်း သိရှိရသည်။