တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် - ၂၃

           ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ နယ်မြေခံရေတပ်အခြေစိုက်စခန်း ဆိပ်ခံ တံတား၌အခြေပြု၍  ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြ သည်။

          ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၅၁ ဦး၊ ခွဲစိတ်ရောဂါ ၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃ ဦး၊ ကလေးရောဂါ ၅ ဦး၊ အရိုးရောဂါ ၁၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၅ ဦး၊ မျက်စိရောဂါ ၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့်စမ်းသပ် စစ်ဆေးလူနာ ၄ ဦးနှင့် ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် နယ်မြေခံတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ် -

 

ကျွန်တော်တို့ဒေသခံပြည်သူတွေ ရန်ကုန်ကို ဆေးသွားကုသရင် အရမ်းအကုန်အကျများပါတယ်။  ဒီသင်္ဘောမှာ  ရောဂါပေါင်းစုံလွယ်လွယ်ကူကူကုသရတဲ့အတွက် အဆင်ပြေပါတယ်။   လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးပါတယ်။   ကျွန်တော်တို့ ကျွန်းနေပြည်သူများကိုလည်း သေချာဂရုစိုက်ကုသပေးပါတယ်။ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးကိုလည်း ဂရုစိုက်ပေးပါတယ်။ အခုလို ဆေးကုသပေးမှုများကိုလည်း   မကြာခဏလာရောက်ပေးစေလိုပါတယ်။  သံလွင်ဆေးကုသင်္ဘောကြီးနဲ့လာရောက်ဆေးကုသပေးတဲ့ ပါရဂူကြီးများ၊ဆရာဝန်၊ ဆရာမတွေနဲ့ နိုင်ငံတော်အကြီး အကဲကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားလိုပါတယ်ဟု ပြောသည်။

ကျွန်မကတော့ ကျွန်းမှာမွေးပြီး ကျွန်းမှာကြီးတဲ့ ကျွန်းသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်းမှာတော့ ကျန်းမာရေးဖြစ်လာပြီဆိုရင် အရမ်းခက်ခဲပါတယ်။ ဆရာဝန်၊ ဆရာမနည်းပါးတဲ့အတွက် ရောဂါကြီးကြီးမားမား

ဖြစ်လာရင် အရမ်းခက်ခဲပါတယ်။ အခုလို သံလွင်ဆေးကုသင်္ဘောကြီး လာရောက်ကုသပေးတော့ မျက်စိဆရာဝန်ကြီးတွေ၊  အရိုးအကြောဆရာဝန်ကြီးတွေ၊ သားဖွားမီးယပ်ဆရာဝန်ကြီးတွေ၊ အထွေထွေရောဂါ ကုသပေးတဲ့ဆရာဝန်ကြီးတွေ ပါတဲ့အတွက် ကျွန်မတို့ကျွန်းသူ၊ ကျွန်းသားများအတွက် အရမ်းကို အဆင်ပြေပါတယ်။  အတွင်းတိမ်မျက်စိ ဝေဒနာခံစားနေသူများအတွက်လည်း မှန်ဘီလူးနဲ့အစားထိုး ကုသပေးတယ်။ ဓာတ်မှန်လည်းရိုက်လို့ရတယ်။ ဆေးဆိုရင်လည်း တစ်လစာပေးတာမျိုး၊ ဆေးထိုးပေးတာမျိုးကုသမှုပေးပါတယ်။ ခွဲစိတ်မှုလိုအပ်တဲ့လူနာများကိုလည်း သင်္ဘောပေါ်မှာပဲ ခွဲစိတ်ပေးပါတယ်။ စားရေး၊ သောက်ရေးများကိုလည်း စီစဉ်ပေးပါတယ်။ သွားရေး၊ လာရေးအတွက်လည်း စီစဉ်ပေးပါတယ်။ သံလွင်ဆေးကုသင်္ဘောကြီးကို အမြဲတမ်းလာရောက်ကုသပေးစေလိုပါတယ်။  အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပါရဂူကြီးများ၊ ဆရာဝန်၊  ဆရာမများအားလုံးကို  အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်ဟု ပြောသည်။