သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော်  မတ်  ၂၃

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏   (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲက  အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူး/ပါမောက္ခများ၊ အရာထမ်းများနှင့်အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ဦးစီးဌာနကြီးသုံးခုမှ မဏ္ဍိုင်(၃)ရပ်ဖြင့် တာဝန်ဝတ္တရားများကို ခေတ်သမိုင်း အဆက်ဆက်တွင် မိမိတို့၏ မူလတာဝန်ဝတ္တရားများအပြင် ခေတ်နှင့်လျော်ညီသည့် တာဝန်များကိုပါတိုးချဲ့ဖြည့်စွက်၍ အဆင့်ဆင့်တိုးမြှင့်တာဝန်ယူခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုရှေးရှုပြီး လိုအပ်သည့်  ဥပဒေ၊  နည်းဥပဒေများကို  ရေးဆွဲအတည်ပြုပြဋ္ဌာန်းခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးဟောင်း သုတေသနပညာ၊ သမိုင်းသုတေသနပညာ၊ ပြတိုက်ပညာ၊ စာကြည့်တိုက်ပညာ၊ အဆို၊အတီး၊ အက၊ ပန်းချီ၊ ပန်းပုအစရှိသည့် အနုသုခုမပညာရပ်များကိုပညာရှင်များ အဆက်ဆက်ထံမှ  လက်ဆင့်ကမ်းပြီး မျိုးဆက်သစ်အမွေဆက်ခံခြင်း၊ တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာ ကျောင်းများ၊ အထက်တန်းအဆင့်ကျောင်းများ တည်ထောင်၍ သင်တန်းဆင်းအောင် လက်မှတ်များ၊ ဘွဲ့များ၊ ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်ခဲ့သည့်အပြင်  မျိုးဆက်သစ်များ မွေးထုတ်ပေးခြင်းတို့ကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ယဉ်ကျေးမှုဖလှယ်၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းသားများကို ပြည်ပသို့စေလွှတ်သင်ကြားစေခြင်း၊ မိမိနိုင်ငံ တွင် လက်ခံသင်ကြားပေးခြင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ ယူနက်စကိုအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ယူနက်စကိုအဖွဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသတွင်း အာဆီယံနိုင်ငံများ၊ အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်နေကြောင်း။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်သော  ဗိဿနိုး၊  သရေခေတ္တရာ၊ ဟန်လင်းထိန်းသိမ်းထားမှုများအား နိုင်ငံတော်ဝန်ကြီးချုပ်မှ သွားရောက် လေ့လာခဲ့ရာတွင် များစွာ အားရကျေနပ်မှုရှိကြောင်း၊ ဆက်လက်၍လည်း လုပ်ငန်းများအား ရေတိုရေရှည်ခွဲ၍ ဆောင်ရွက်နေရန်လိုကြောင်း၊ ယခုဆိုလျှင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ရေး  WHC သို့ တင်သွင်းရန်နှင့်အတာသင်္ကြန်အား ကမ္ဘာ့အမွေအနှစ်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်ကိစ္စသည်လည်း  အရေး ကြီးသည့်ကိစ္စဖြစ်ကြောင်း။

မိမိတာဝန်ယူစဉ်ကာလအတွင်း အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့တွင် တိုင်းရင်းသားများ ရိုးရာဂီတနှင့် အကပညာရပ်များကိုလည်း တိုးချဲ့သင်ကြား  ဆောင်ရွက်လျက်ရှိသည့်အပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်)တို့မှ ပူးပေါင်း၍  ဒီပလိုမာသင်တန်းများကို  ဆက်လက်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

 နိုင်ငံဂုဏ်ပြုယဉ်ကျေးမှု ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမိုင်းကြောင်းကောင်းမွန်စွာ စဉ်ဆက်မပြတ်ရှင်သန်နေခြင်းသည် စတင်ဖွဲ့စည်းစဉ်ကစ၍ ယနေ့ထက်တိုင် လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသည့်   စီမံခန့်ခွဲမှုဆိုင်ရာ  တာဝန်ရှိသူများ၊  သက်ဆိုင်ရာဘာသာရပ်  အလိုက် လုပ်ငန်းကျွမ်းကျင် တတ်မြောက်ကြသည့် ဝန်ထမ်းများ  ကျရာတာဝန်ကို မခိုမကပ် အားထုတ်ကြိုးပမ်းမှုများကြောင့်  အဆင်ပြေခဲ့ခြင်း ဖြစ်ကြောင်း။

နိဂုံးချုပ်အားဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကောင်းမြတ်သော သမိုင်းကြောင်းအမွေအနှစ်များကို ပခုံးပြောင်းတာဝန်ယူ၍ ယခုရောက်ရှိပြီးသည့် (၇၁)နှစ်မြောက် ဝန်ကြီးဌာန၏ နှစ်ပတ်လည်မှသည် ယဉ်ကျေးမှုရေးရာ ကဏ္ဍများကို ကမ္ဘာတည်သရွေ့အဓွန့်ရှည် တည်တံ့နိုင်စေရေးအတွက်  ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဌာနတွင်းထူးချွန်ဝန်ထမ်းများ၊ ပြည်ပထူးချွန်ဝန်ထမ်းများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင်  ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်   ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား   အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ ဝန်ထမ်းမိသားစုဝင်များကို ပျော်ရွှင်စွာ  ကံစမ်းမဲဖောက်ပေးခြင်းနှင့် အဆို၊ အက၊  အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း    သိရသည်။