လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စကားဓာတ်အားဖြည့်သွင်းရုံများ ဖွင့်ပွဲအခမ်းအနားကျင်းပ

လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စကားဓာတ်အားဖြည့်သွင်းရုံများ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  မတ်  ၂၃

 

Earth Renewable Energy Co.,Ltd.မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့်  လျှပ်စစ်ဘတ်စကား ဓာတ်အားဖြည့်သွင်းရုံ  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  နေပြည်တော်ကောင်စီနယ်မြေ  ဒက္ခိဏသီရိမြို့နယ် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၀၁/၁)  (စီလမ်းဆုံ) ယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားပြီး Earth Renewable Energy Co.,Ltd.မှ တာဝန်ရှိသူက EV Charging တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်   တာဝန်ရှိသူများက လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စကားဓာတ်အားဖြည့်သွင်းရုံကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က Electric Vehicle Charging Station  ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံအတွင်း ကြည့်ရှုလေ့လာပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို  ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ Grand Sirius (Enterprise) Co.,Ltd. မှ  တည်ဆောက်ပြီးစီးသည့် လျှပ်စစ်ကားဓာတ်အားဖြည့်သွင်းရုံ GSE Charging Station (NPT) ဖွင့်ပွဲအခမ်းအနားကို ပျဉ်းမနား - တောင်ညိုလမ်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ  ဧည့်ရိပ်သာရှေ့ရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က Electric VehicleCharging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက GSE Charging Station (NPT) အတွင်း ကြည့်ရှုလေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့်  စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။