ရာသီဥတုပြောင်းလဲမှုနှုန်းသည် အရှိန်အဟုန်မြင့်မြန်ဆန်လာသည့်အတွက် အနာဂတ်မျိုးဆက်များ ကောင်းမွန်စွာရှင်သန်နိုင်ရေးအတွက် ပြည်သူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်

ရာသီဥတုပြောင်းလဲမှုနှုန်းသည် အရှိန်အဟုန်မြင့်မြန်ဆန်လာသည့်အတွက် အနာဂတ်မျိုးဆက်များ ကောင်းမွန်စွာရှင်သန်နိုင်ရေးအတွက် ပြည်သူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်

(၆၃)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

၂၀၂၃ ခုနှစ် မတ် ၂၃ ရက်တွင်ကျရောက် သည့် (၆၃)ကြိမ်မြောက်  ကမ္ဘာ့မိုးလေဝသနေ့   အထိမ်းအမှတ်အခမ်းအနားအား နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌  ကျင်းပသည်။

အဆိုပါကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အတူ   စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ  တက်ရောက်ကြသည်။

အဆိုပါအခမ်းအနား၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားများအား နှစ်စဉ် မတ်လ ၂၃ ရက်ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပကြောင်း၊  ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ဆောင်ပုဒ်မှာ အနာဂတ် မိုးလေဝသ၊ ရာသီဥတုနှင့် ရေသယံဇာတ ဖွံ့ဖြိုးကောင်းမွန်ဖို့ မျိုးဆက်အားလုံးအလေး ထားဆောင်ရွက်ကြပါစို့ (The Future of Weather, Climate and Water across Generations) ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့်ရာသီဥတုဆိုင်ရာ အစွန်းရောက် အဖြစ်အပျက်များသည် ကမ္ဘာ့နေရာအနှံ့ အပြားတွင် ပိုမိုဖြစ်ပွားလာလျက်ရှိရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရ ဆုံးဖြစ်ပါကြောင်း၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ထားပါကြောင်း၊ တစ်ဖန် ၂၀၂၀ ပြည့်နှစ်ကတည်း ကစတင်ခဲ့သည့် လာနီညာဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်ထိတိုင် သုံးနှစ်ဆက်တိုက် လာနီညာ အဖြစ်သမိုင်းဝင်ခဲ့ပါကြောင်း၊ သို့သော် အဆိုပါ လာနီညာဖြစ်စဉ်များသည် လက်ရှိကမ္ဘာကြီး ပူနွေးလာနေမှုကို လွှမ်းမိုးနိုင်ခြင်းမရှိသည် ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ်အပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ တစ်နှစ် တာလေ့လာသုံးသပ်ချက်များအရ ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်ဟာ ယခင်စက်မှုမထွန်း ကားမီခေတ် ကာလများထက် ၁ ဒသမ ၀၆ ဒီဂရီစင်တီဂရိတ်ကျော်လွန်နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေး လာမှုကြောင့်လည်း  ရေခဲတောင်များအရည်ပျော်ကာ ပျမ်းမျှပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည် ၁၈၈၀ ပြည့်နှစ်ထက် ၂၄ စင်တီမီတာခန့်မြင့်တက်နေပြီး အချို့သောကျွန်းနိုင်ငံများမှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရပါကြောင်း၊ ထို့ပြင်  မိုးရွာသွန်းမှုပုံစံပြောင်းလာပြီး အချိန်အခါမဟုတ် မိုးပြင်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာသကဲ့သို့ အခြားတစ်ဖက်တွင်လည်း မိုးခေါင်ခြင်းနှင့် ရေပြတ်လပ်မှုဖြစ်စဉ်များ နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊  ထို့ကြောင့် ၂၀၁၅  ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင်ကျင်းပခဲ့သော   ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်းရှင်းတွင် စက်မှုမထွန်းကား မီကာလနှင့် နှိုင်းယှဉ်၍ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက်  ပိုမိုတိုးလာမှုကို  လျှော့ချနိုင်ရေးအတွက် သဘောတူဆုံးဖြတ်ချက်ချမှတ်ခဲ့ပါကြောင်း၊  ယခုအခါ  ရာသီဥတုပြောင်းလဲမှုနှုန်းသည် အရှိန်အဟုန်မြင့်မြန် ဆန်လာသည့်အတွက် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ  သဘာဝဘေး အန္တရာယ်များခံစားရမှုကို လျော့ပါးသက်သာလာစေရေးနှင့်    အနာဂတ်မျိုးဆက်များ ကောင်းမွန်စွာရှင်သန်နိုင်ရေးအတွက် ပြည်သူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Professor Petteri Taalas ၏ သဝဏ်လွှာ ဗီဒီယို၊ မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ Video Clip တို့ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်း အနားဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့် ပေးအပ်ခဲ့ပြီး  အခမ်းအနားတက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။  ဆက်လက်၍ ဖိတ်ကြားထားသော ဧည့်သည်တော်များ သည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ   စာတမ်းကိုးစောင်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။