(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် အောင်းကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကျင်းပ

 (၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် အောင်းကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကျင်းပ

နေပြည်တော်  မတ်  ၂၃

 

(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု နယ်မြေ လယ်ဝေးမြို့နယ် အောင်းကြီးကုန်းကျေးရွာကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါနေရာ၌ ကျင်းပသည်။

ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက  နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်၍ ကျေးလက်ဒေသတွင်နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊  ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုး တိုးတက်မှုကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဆင်းရဲမှုလျှော့ချနိုင်ရေးတို့အတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများရေးဆွဲချမှတ်ပြီး ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာထွက်ကုန်များ အချိန်ကုန်သက်သာစွာ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း၊ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လူထုဗဟိုပြုစီမံကိန်း CDD ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP၊ Cash For Work စီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း၊ မြစိမ်းရောင် (ဆီထွက်သီးနှံ) စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း Smart Village၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း RBF  လုပ်ငန်းစီမံကိန်းများကို နှစ်စဉ်သတ်မှတ်လျာထားအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးလက်ဒေသများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ရန်၊ ကျေးလက်စီးပွားမြင့်မားရေး လုပ်ငန်းများနှင့် ပုဂ္ဂလိကသမဝါယမလုပ်ငန်းများ တိုးတက်စေရေးဆောင်ရွက်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများမြှင့်တင်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိစေရန်အတွက် နှစ်စဉ်နှစ်တိုင်း ရုံးချုပ်၊ တိုင်း၊ ခရိုင်အဆင့်ဆင့် အကဲဖြတ်သုံးသပ်ကာ ပိုမိုထိရောက်ကောင်းမွန်သော နည်းလမ်းများ  ချမှတ်ဆောင်ရွက်လျက်ရှိ

ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဒေသခံပြည်သူ များကလည်း   ရေရှည်အကျိုးခံစားရစေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း၊   နိုင်ငံသား တစ်ဦးချင်းမှသည် တစ်အိမ်ထောင်ချင်း၊ တစ်ရွာချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့နယ်ချင်း အဆင့်ဆင့်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ အားလုံးစည်းလုံးညီညွတ်စွာ    မိမိဒေသဖွံ့ဖြိုးအောင် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ အောင်းကြီးကုန်းကျေးရွာမှ    ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား   ပြန်လည်ပြောကြားသည်။

ထို့နောက် အောင်းကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်တို့က ကုန်ထုတ်လမ်းကိုဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကုန်ထုတ်လမ်း ဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         

ဇော်မျိုး(နေပြည်တော်)