မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်  မတ်  ၂၃

 

မတ် ၂၃ ရက်တွင် ကျရောက်သော မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအထိမ်းအမှတ်အခမ်းအနားအဖြစ် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့်ဧည့်ခံပွဲအခမ်းအနားကို နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု    အထူးစီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံ  သံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အစီအစဉ်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံ   သံရုံးများမှသံအမတ်ကြီးများက မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏  အောင်မြင်မှုပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဧည့်သည်တော်များသည် ပြပွဲအတွင်း  မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဝန်ကြီးဌာန ၁၇ ခု က ပူးပေါင်းဆောင်ရွက်မှုဧရိယာ ၃၄ ခု၌   အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်း ၉၂ ခုမှ ရလဒ်များပြသထားမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ (၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဧည့်ခံပွဲကို    အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပသည်။ အဆိုပါအခမ်းအနားတွင်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်းပြောကြားရာ   ဒေသတွင်းအလုံးစုံပါဝင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသည့်  အကျိုးကျေးဇူးများ၊ မြန်မာပြည်သူများအတွက် အထူးရန်ပုံငွေစီမံကိန်းများမှတစ်ဆင့် အထောက်အကူပြုမှုများ၊  ဒေသတွင်းငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်  ပူးပေါင်း

ဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ မူဝါဒများ၏ အရေးပါမှုတို့ကို   ထည့်သွင်းပြောကြားပြီး  အထူးရန်ပုံငွေ ထောက်ပံ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အထိမ်းအမှတ်မိန့်ခွန်းပြောကြားသည်။

ထို့နောက်   ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင ်ဓာတ်ပုံရိုက်ကြပြီး မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု (၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းတိုကို ပြသသည်။

ထို့နောက် ညစာစားပွဲကျင်းပရာ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီးမစ္စတာချန်းဟိုင်တို့က ဂုဏ်ပြုလက်ဆောင်ပန်းခြင်းများ ပေးအပ်ချီးမြှင့် ကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး  အဖွဲ့ဝင်များအဖြစ်  ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်   ဗီယက်နမ်နိုင်ငံတို့ပါဝင်သည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ်    ပူးတွဲထမ်းဆောင်လျက်ရှိကြောင်း သိရသည်။