လမ်းလယ်ပန်းခုံပြုလုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

လမ်းလယ်ပန်းခုံပြုလုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနက မြို့သာယာလှပ‌ရေးအတွက် မြို့တွင်းလမ်းများ၌ လမ်းလယ်ပန်းခုံများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ကို Clean City & GreenCity ဖြစ်စေရေးအတွက် မြို့သာယာလှပရေး လုပ်ငန်းတစ်ခုဖြစ်သော   မြို့တွင်းလမ်းများ၌ လမ်းလယ်ပန်းခုံများပြုလုပ်ခြင်းအပိုင်း(၁)၊ (၂)လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ၊  အထွေထွေပိုလျှံရန်ပုံငွေ GRF၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

လားရှိုးမြို့ကို Clean City & GreenCity ဖြစ်စေဖို့အတွက် မြို့တွင်းအဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့    သိန်းနီလမ်းတစ်လျှောက် ပန်းအလှခုံပြုလုပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီးပါပြီ။ အဲဒီပန်းအလှခုံတွေမှာ   ဒေသရာသီဥတုနဲ့  ကိုက်ညီတဲ့ ပန်းအလှပင်တွေ၊ အလှသစ်ပင်တွေကို ဝေေ၀ဆာဆာ စိုက်ပျိုးပေးသွားမှာပါ။

မြို့သာယာလှပစေဖို့၊ သဘာဝပတ်ဝန်းကျင်  စိမ်းလန်းစိုပြည်စေဖို့အတွက်လည်း အကျိုးပြုစေမှာဖြစ်ပါတယ်။ မြို့နေပြည်သူလူထုအတွက် လူနေမှုအဆင့်အတန်းကိုလည်း မြင့်မားလာစေမှာပါဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်က ပြောသည်။

လားရှိုးမြို့တွင်း       သိန်းနီလမ်းတစ်လျှောက်   ဆောင်ရွက်လျက်ရှိသော လမ်းလယ်ပန်းခုံများပြုလုပ်ခြင်း အပိုင်း(၁)မြို့တော်ခန်းမအဝိုင်းပတ်မှ မန်ဆူဘုရားအထိ အရှည် ၇၀၂၆  ပေကို  ရန်ပုံငွေကျပ် ၁၈၁၁၈၈၀၀၀ ဖြင့်လည်းကောင်း၊ လမ်းလယ်ပန်းခုံများပြုလုပ်ခြင်း   အပိုင်း(၂)မန်ဆူဘုရားမှ   လားရှိုးကြီးလမ်းဆုံအထိ အရှည်  ၆၃၉၄  ပေကို  ရန်ပုံငွေကျပ် ၁၆၆၁၈၂၀၀၀ ဖြင့်လည်းကောင်း လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနက ယခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း   အဆိုပါဌာနမှသိရသည်။