(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   စုပေါင်းသွေးလှူဒါန်း 

 (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   စုပေါင်းသွေးလှူဒါန်း 

နေပြည်တော်၊ မတ် - ၂၄

          ၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက်နေ့တွင်ကျရာက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် စုစုပေါင်း ၅၀ ဦးတို့က လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ တိုင်းစစ်ဌာန ချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာတော်များ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)အသင်းဝင်များ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းစုစုပေါင်း ၁၁၂ ဦးတို့က လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ယာယီအရေးပေါ် ကုသရေးဆေးရုံ) ကိုဗစ်ကုသရေးစင်တာ၌ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် စေတနာရှင် သွေးအလှူရှင် စုစုပေါင်း ၄၄၀ ဦးတို့က လည်းကောင်း အသီးသီး စုပေါင်းသွေးလှူဒါန်းကြသည်။

          ဦးစွာ သွေးလှူဒါန်းမည့်သူများသည် ကျန်းမာရေးဆေးစစ်ခြင်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ခံယူကြပြီး သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့သို့ သွေးလှူဒါန်းနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင် များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သတင်းရရှိသည်။