(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ် တို့၌ ချောင်းကူးတံတားနှင့်    ကွန်ကရစ်လမ်းသစ်များ ဖွင့်ပွဲ များကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ် တို့၌ ချောင်းကူးတံတားနှင့်    ကွန်ကရစ်လမ်းသစ်များ ဖွင့်ပွဲ များကျင်းပ

နေပြည်တော်၊ မတ် ၂၄

          (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ/အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ယူတည်ဆောက်ခဲ့သည့် တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့၌ ချောင်းကူးတံတားသစ်နှင့် ကွန်ကရစ်လမ်းသစ်များ ဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါနေရာများ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်၀င်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ/အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ တာဝန်ရှိသူတစ်ဉီးက အဆိုပါ ကွန်ကရစ်လမ်းသစ်နှင့် ချောင်းကူးတံတား တည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့် တာ၀န်ရှိသူများက တွံတေးမြို့နယ်၊ ရွှေမုယင်းဒေသ ချောင်းဝကျေးရွာရှိ အရှည် (၄.၀၂၈)မိုင်၊အကျယ် ၁၄ ပေ၊ ထု ၆ လက်မ ခရမ်းဝ−ကွင်းပေါက် လမ်းသစ်၊ အရှည် ၃၀ ပေ နှင့် အကျယ် ၂၄ ပေရှိ ခရမ်းဝချောင်းကူတံတားသစ်၊အရှည်(၃၈၁၀)ပေ၊ လမ်းအကျယ် ၁၂ ပေ ထု ၆ လက်မ ခရမ်းဝရွာအတွင်း လမ်းသစ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာ၀န်ရှိသူများသည် ကွန်ကရစ် လမ်းသစ်များနှင့် ချောင်းကူးတံတားသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။ ဆက်လက်၍ တွံတေးမြို့နယ် ရွှေမယင်းကွင်းဒေသ  ငါးကန်များမှ ကွင်းပေါက်ကျေးရွာအထိ ချောင်းဟောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းတံတားဉီးစီးဌာန၊ တွံတေးခရိုင်မှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်နှင့် ဒလမြို့နယ်တို့၌ လမ်းအရှည် (၇)မိုင် ၂ ဖာလုံ အကျယ်(၂၄)ပေရှိ ကံဘဲ့−ပျော်ဘွယ်လေး−ဒလ ကွန်ကရစ်လမ်းသစ်နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းတံတားဉီးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၄)မှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့်  ကွမ်းခြံကုန်းမြိုနယ်ရှိ လမ်းအရှည်( ၂ မိုင် ၄ ဖာလုံ) အကျယ် (၂၄)ပေ ကွမ်းခြံကုန်းမြို့ ရှောင်လမ်းကွန်ကရစ်လမ်းသစ်တို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ကွန်ကရစ်လမ်းသစ်များအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။