တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်ကမ်းရိုးတန်း ဒေသများနှင့် ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး  ပြန်လည်ရောက်ရှိ

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်ကမ်းရိုးတန်း ဒေသများနှင့် ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး  ပြန်လည်ရောက်ရှိ

နေပြည်တော်၊ မတ် (၂၄)ရက်

 တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသော တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများ အား မတ်လ(၁)ရက်မှ (၂၂)ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက်ပေးပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်မိသားစုများနှင့် သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ချိုချိုလွင်တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

   အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေး အဖွဲ့များသည် ရခိုင်ကမ်းရိုးတန်းဒေသများဖြစ်သော ဂွမြို့၊ သံတွဲမြို့နယ်၊ ကျောက္ကလပ် ကျေးရွာအုပ်စု၊ သဗြုချိုင်ကျေးရွာ၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ မာန်အောင် မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှု အနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ(၄၈၁၆)ဦး၊ ခွဲစိတ်ရောဂါ (၈၁၈)ဦး၊ သားဖွား/မီးယပ်ရောဂါ (၆၀၉)ဦး၊ ကလေးရောဂါ(၇၈၀)ဦး၊ အရိုးရောဂါ(၂၈၈၄)ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ(၁၁၇၉)ဦး၊ မျက်စိရောဂါ(၃၅၀၉)ဦးနှင့် သွားနှင့်ခံတွင်းရောဂါ(၁၂၃၂)ဦး၊ စုစုပေါင်းဒေသခံပြည်သူ(၁၅၈၂၇)ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက် ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ(၁၄၂)ဦးနှင့် အထွေထွေခွဲစိတ်လူနာ (၁၀၀)ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့သည်။

    ထို့ပြင် ဓာတ်မှန်ရိုက်လူနာ(၆၅)ဦး၊ Ultrasound ရိုက်လူနာ(၁၁၅၈)ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ (၃၈၈)ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၁၁၀၇)ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွား ခန်း၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။

   တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့ဝင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြု ပေးအပ်ချီးမြှင့်သောလက်ဆောင်ပစ္စည်းများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်ချုပ်ထိန်ဝင်းက ပေးအပ်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

   တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ယခုခရီးစဉ်သည် (၁၆)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း (၁၄၁၉၉၄) ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံ ရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်(၁၈)ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုအပေါ် တာဝန်ရှိသူများ၏ ရင်တွင်း ပီတိစကားသံများအား ယခုလိုပဲကြား သိခဲ့ရပါတယ်။

      “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထံ အထက်အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းမှုမလိုဘဲ အမြန်ဆုံး သွားရောက်ပြီး စာနာကူညီပေးဖို့ ရှင်းလင်းစွာညွှန်ကြားချက်ပေးခဲ့တဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ညွှန်ကြားချက်တွေ ညွှန်ကြားပေးခဲ့တဲ့အတွက် ဝေးလံခေါင်ဖျားပြီးသွားလာရ ခက်ခဲတဲ့ ကမ်းရိုးတန်း တစ်လျှောက်မှာရှိတဲ့ မြို့၊ ရွာများကို ပင်လယ်သွား ဆေးကုရေယာဉ် သံလွင်နဲ့ လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများနဲ့ မြစ်ချောင်းတစ်လျှောက်မှာ ရှိတဲ့ပြည်သူလူထုအတွက် မြစ်တွင်းသွား ဆေးကုရေယာဉ် ရွှေပုဇွန်နဲ့ တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်စေလွှတ်ပြီး ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုအချိန်အထိ ပင်လယ်သွားဆေးကု ရေယာဉ်သံလွင်နဲ့ မြစ်တွင်းသွား ဆေးကုရေယာဉ်ရွှေပုဇွန် တို့ဟာ   ဆေးကုသမှုခရီးစဉ် စုစုပေါင်း (၃၃)ကြိမ်အထိ  သွားရောက်နိုင်ခဲ့ပြီး ဆေးကုသပေးတဲ့  ပြည်သူလူထုစုစုပေါင်း ၃၀၆၈၀၁ ဦး၊ ကလေးမီးဖွားနိုင်မှု ၄၃ ဦးအထိ  ကျန်းမာရေးဆိုင်ရာ ကာကွယ် ကုသမှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုဆေးကုသမှု ခရီးစဉ်၏ ထူးခြားမှုတစ်ခုကတော့ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ပါရဂူများ၊ သူနာပြုများပါဝင်တဲ့ နယ်လှည့် ဆေးကုသမှုအဖွဲ့အပြင် ကျန်းမာရေးဦးစီး ဌာနက ပါရဂူများ၊ သူနာပြုများ ပါဝင်တဲ့ ဆေးကုသမှုအဖွဲ့ဟာ ဝေးလံခေါင်ဖျားပြီး သွားလာခက်ခဲတဲ့ ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကိုကိုးကျွန်းမြို့နယ်က ဒေသခံပြည်သူလူထုရဲ့  ကျန်းမာရေးကို စောင့်ရှောက် ကုသပေးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြည်သူအပေါ် ထားရှိတဲ့ စိတ်ရင်းစေတနာကောင်းများဖြင့် လမ်းညွှန်မှုများကြောင့် ပြည်သူလူထုအတွက် အဓိကလိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ စောင့် ရှောက်မှုကို ထိထိရောက်ရောက် ကုသပေးနိုင်မှုကြောင့် များစွာအကျိုးရှိခဲ့ပါတယ်။ ဆေးကုသမှုပေးခဲ့တဲ့ နေရာတွေက လူနာများနဲ့ တာဝန်ရှိသူများရဲ့ ရင်တွင်းကလာတဲ့ ကျေးဇူးတင်စကား၊ ဆုတောင်းမေတ္တာ စကားသံများကိုကြားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်းတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးရသလို ရင်ထဲမှာခံစားရပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့အညီ ပင်လယ်သွား ဆေးကုရေယာဉ် သံလွင်ရဲ့(၁၆)ကြိမ်မြောက် နယ်လှည့်ဆေးကုသမှု ခရီးစဉ်မှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ ရေတပ်စခန်း ဌာနချုပ်နဲ့ တပ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ပရဟိတ အသင်းအဖွဲ့များမှ တစ်တပ်တစ်အား ပါဝင်ဖြည့်ဆည်းပေးခဲ့တဲ့အတွက် ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကျွန်းများမှာ နေထိုင်တဲ့ မိဘပြည်သူများရဲ့ ကျန်းမာရေးဆိုင်ရာ ဆေးကုသမှု လုပ်ငန်းများကို   ထိရောက်စွာ ဆောင်ရွက်ပေးနိုင်တဲ့အတွက် ပြည်သူပုလဲသွယ်ဆိုတဲ့ အဓိပ္ပာယ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားလိုပါတယ်”ဟုပြောသည်။

      “ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များနဲ့ ကျန်းမာရေး ဝန်ကြီးဌာနမှ ဆရာဝန်၊ ပါရဂူ၊ သူနာပြုများပါဝင်တဲ့ အဖွဲ့များက ပင်လယ်သွား စစ်ရေယာဉ်သံလွင်နဲ့ ဆေးကုသမှုလုပ်ငန်းများကို (၁၆)ကြိမ်မြောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အခါမှာ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ပင်လယ်သွားခြင်းဟာ ပထမဆုံး အကြိမ်ဖြစ်တဲ့အတွက် သွားလာမှုများမှာ ခက်ခဲပင်ပန်းကြတယ်လို့ ထင်ခဲ့မိပါတယ်။ တကယ့်တကယ်  သွားရောက် ကုသတဲ့အခါမှာတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ တွေ့ကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေကို ခေတ်မီစက်ကိရိယာများနဲ့ စနစ်တကျဖော်ထုတ် ဖြေရှင်းပေးနိုင်ခဲ့တာတွေ၊   ပြည်သူတွေကြုံတွေ့နေရတဲ့ မျက်စိဆိုင်ရာ ပြဿနာတွေ အပါအဝင် အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့တာတွေ၊ ပြည်သူတွေရဲ့ရောဂါအ၀၀ကို ကျန်းမာရေးဆိုင်ရာ ပါရဂူများနဲ့ စနစ်တကျဆောင်ရွက်ပေးနိုင်ခဲ့တာတွေ၊ သားဖွားရန်ခက်ခဲတဲ့ မိခင်များကို စနစ်တကျ အကြံပြုခဲ့ပြီး ခွဲစိတ်မှု တစ်ကြိမ်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့တာတွေ၊ ဒါ့အပြင် ရောဂါပျောက်ပြီး သူတို့ရဲ့အပြုံးပန်းတွေ၊ သူတို့ရဲ့ဝမ်းသာပီတိဖြစ်မှုတွေ၊ သူတို့ရဲ့ကျေးဇူးတင် စကားတွေ ကြုံတွေ့ရတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့  ပင်ပန်းမှုတွေ အားလုံးဟာ မြူမှုန်မျှမကျန် အကုန်လုံးပြေပျောက်သွားခဲ့ပါတယ်။

    ဒါကြောင့်မို့ ကျွန်တော်တို့ ဆေးဝန်ထမ်း တပ်ဖွဲ့များအနေနဲ့ နောင်အခါများလည်း ယခုကဲ့သို့ ခရီးစဉ်များမှာ ဆတက်ထမ်းပိုး တိုးမြှင့်အားဖြည့်ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချမိ ပါတယ်။ ယခုကဲ့သို့ခရီးစဉ်များမှာ ပြည်သူလူထုရဲ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာကတော့  နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ ခေတ်မီစက်ကိရိယာပစ္စည်းများ၊ ခေတ်မီဆေးရုံသုံး ပစ္စည်းများ၊  ခေတ်မီဆေးဝါးများ ဆောင်ရွက်မှုများနဲ့ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ   ပြည့်စုံလုံလောက်မှုရှိခြင်းတို့ရဲ့   အထောက်အပံ့များကြောင့်စွမ်းဆောင်နိုင်ခဲ့ပါတယ်”ဟုပြောသည်။

      “ကျွန်တော်ကတော့   ကျန်းမာရေး ဝန်ကြီးဌာနမှ တွဲဖက်ပါမောက္ခဖြစ်ပါတယ်။ ယခုဆေးအဖွဲ့နဲ့ လိုက်ပါလာတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့  ဆေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုက်ပါလာရခြင်းဖြစ်ပါတယ်။ အခုလို လိုက်ပါလာတဲ့နေရာမှာ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက် နှစ်ရပ်ဖြစ်တဲ့ လူတိုင်းသက်တမ်းစေ့ ကျန်းမာစွာနေထိုင်ရေးနဲ့ ရောဂါဘယ ကင်းရှင်းရေးတို့ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်နှစ်ရပ်ကို   အကောင်အထည်ဖော်ရာတွင် နည်းနာ သုံးရပ်ထဲက တစ်ချက်ဖြစ်တဲ့     ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ရောဂါကာကွယ် တားဆီးခြင်းတို့ဖြစ်ပါတယ်။ အဲဒီနေရာမှာ ဝေးလံခေါင်ဖျားဒေသတွေလည်း ပါဝင်ပါတယ်။ ပင်လယ်ပြင်ကိုဖြတ်ကူးပြီးတော့   ဝေးလံခေါင်ဖျားဒေသတွေကို  သွားရောက်ရမှာဖြစ်တဲ့အတွက်   အလွန်ခက်ခဲမယ်လို့ ထင်မြင်မိသော်လည်း လူနာများကို အားရကျေနပ်စွာ ကုသပေးနိုင်တယ်။ မျက်စိမမြင်ရတဲ့ လူနာများကို  မျက်စိချက်ချင်း ပြန်မြင်လာအောင် မျက်စိဆရာဝန်များက ကုသပေးနိုင်တယ်။ ခေတ်မီစက်ကိရိယာတွေပါတဲ့ သင်္ဘောကြီးမှာ လူနာများကို ခေတ်မီစက် ကိရိယာများနဲ့ ကုသပေးနိုင်တဲ့အတွက်ကြောင့် လူနာများ ချက်ချင်းကောင်းသွားတာ တွေ့ရတဲ့အခါမှာ လူနာများရဲ့အားရကျေနပ်မှု၊ ဝမ်းသာပီတိဖြစ်မှုနဲ့ အားကိုးမှုတို့ တွေ့ရတဲ့အခါမှာ ကျွန်တော်တို့ ပင်ပန်းဆင်းရဲမယ် ခက်ခဲမယ် ထင်ထားတာ အားလုံးပပျောက်သွားတာ တွေ့ရပါတယ်။ လူနာများရဲ့အားကိုးမှု၊  လေးစားမှုနဲ့ဝမ်းသာပီတိ မျက်ရည်များကိုတွေ့ရတဲ့အခါမှာ နောက်နှစ်တွေမှာလည်း   ဒီသံလွင်သင်္ဘောကြီးနှင့် အတူ  ဝေးလံခေါင်ဖျားဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ကျန်းမာရေးကိုစောင့် ရှောက်ဖို့ လိုအပ်လာမယ်ဆိုရင်   လိုက်ပါမယ်လို့    ကျွန်တော်ဆုံးဖြတ်မိပါတယ်။ ယခုခရီးစဉ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေများစွာ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ရေတပ်က စစ်သင်္ဘောကြီးနဲ့ လိုက်လာရတဲ့ အတွက်ကြောင့် ရေတပ်အရာရှိကြီးများရဲ့ စီမံခန့်ခွဲမှုကို  အနီးကပ်လေ့လာခွင့် ရရှိခဲ့ပါတယ်။ နောက်တစ်ခုက တပ်မတော် ဆေးတပ်ဖွဲ့နှင့်အတူ    ပူးပေါင်းရတဲ့အတွက် ရင်းနှီးချစ်ခင်မှု အစရှိတဲ့ အတွေ့အကြုံတွေရရှိခဲ့ပါတယ်။ နောက်တစ်ခုက ရခိုင်တိုင်းရင်းသားများရဲ့  ဓလေ့စရိုက်၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ကျန်းမာရေး အခက်အခဲတွေကိုလည်း နားလည်သိရှိခွင့် ရရှိခဲ့ပါတယ်။  နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့  ကျွန်တော်တို့ကျန်းမာရေး ဝန်ကြီးဌာနက လိုက်ပါလာတဲ့  ဆရာဝန်၊   သူနာပြုတွေနဲ့  တပ်မတော်ဆေးအဖွဲ့မှ ဆရာဝန်များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒီခရီးစဉ်အောင်မြင်ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်”ဟုပြောသည်။