ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အကျဉ်းထောင်၊ အချုပ်ထောင်များ၌ စာတတ်မြောက်ရေး လုပ်ငန်း နည်းပြသင်တန်းများ ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အကျဉ်းထောင်၊ အချုပ်ထောင်များ၌ စာတတ်မြောက်ရေး လုပ်ငန်း နည်းပြသင်တန်းများ ဖွင့်လှစ်

တောင်ကြီး  မတ်  ၂၄

    အကြောင်းအမျိုးမျိုးကြောင့် အပြစ်ဒဏ်၊ ထောင်ဒဏ်ကျခံနေရသည့်   လူငယ်နှင့် သက်ကြီးစာမတတ်သူများအား စာတတ်မြောက်လာစေရေးနှင့် စာမတတ်သူဦးရေ လျှော့ချနိုင်ရေး   ရည်ရွယ်ဖွင့်လှစ်သည့် စာတတ်မြောက်ရေး လုပ်ငန်း နည်းပြသင်တန်းကို မတ် ၂၂ ရက်မှ ၂၅ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးအချုပ်ထောင်၌ ကျင်းပလျက်ရှိသည်။

စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ)၊ ရှမ်းပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး(ပညာ)နှင့် ပညာရေးနှင့် အကျဉ်းဦးစီးတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ဇန်နဝါရီ ၂၂ ရက်မှစ၍ ရက် ၄၀တိုင်အောင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် စာမတတ်သူ ၄၀၆ ဦးကို စာတတ်မြောက်စေရေး သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူ ဦးရေ ၄ ဒသမ ၁ သန်းတွင် ရှမ်းပြည်နယ်အတွင်း မြန်မာစာမတတ်သူ ဦးရေသည် ၁ ဒသမ ၀၃ သန်းရှိနေကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသင်ပညာရေး နည်းလမ်းအပြင် ကျောင်းပြင်ပ ပညာရေး နည်းလမ်းဖြင့် စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ရန်  လမ်းညွှန်ထားကြောင်း၊ လူတိုင်း စာတတ်မြောက်လာစေရေး ဆောင်ရွက်လျက်ရှိသည့်    နည်းလမ်းအပြင် စာမတတ်သူ ပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေးကို ဦးတည်ဆောင်ရွက်ရန်ပါ လမ်းညွှန်မှုပြုထားကြောင်း၊     ပြစ်မှုရင်ဆိုင်ဆဲနှင့် ပြစ်ဒဏ်ကျခံလျက် ရှိသူများအနက် စာမတတ်သူများအား မည်သည့်ခွဲခြား ဆက်ဆံမှုမျှမရှိဘဲ ပြည်နယ်အကျဉ်း ဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးတို့နှင့် ညှိနှိုင်းပေါင်းစပ်၍ အကျဉ်းထောင်အတွင်း စာမတတ်သူများအား စာတတ်မြောက်လာစေရေး သင်တန်းမှ အသိပညာပေးခြင်း၊ အခြေခံမြန်မာစာနှင့်     အခြေခံသင်္ချာ ဘာသာရပ်များ သင်ကြားပေးခြင်းတို့အပြင် ပြစ်ဒဏ်မှ လွတ်မြောက်ပါက အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး   စဉ်းစားတွေးခေါ် နိုင်စွမ်းရှိလာစေရန်နှင့် ၎င်းတို့၏ လူနေမှု ဘဝမြင့်မား လာစေရေးတို့အတွက် လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ပညာ)နှင့် ပြည်နယ်အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးတို့က အမှာစကားများ ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်များတွင် ပြဏ်ဒဏ်ကျခံဆဲ လူငယ်နှင့် သက်ကြီးစာမတတ်သူပေါင်း ၁၂၀၀ ကို ပြစ်ဒဏ်ကျခံဆဲ အခြေခံပညာ အထက်တန်းအောင်နှင့် ဘွဲ့ရပညာသင်ကြားဖူးသူ အကျဉ်းသား၊ အကျဉ်းသူစေတနာလုပ်အားပေးနည်းပြ ၈၉ ဦးတို့က စာတတ် မြောက်ရေး လုပ်ငန်းဆောင်ရွက်ရန် ရေးဆွဲထားသည့် အစီအစဉ်များအတိုင်း သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ စာတတ်မြောက်ရေး နည်းပြသင်တန်းကို   ကျိုင်းတုံ၊  ညောင်ရွှေ၊ လားရှိုးနှင့် သီပေါအကျဉ်းထောင်တို့တွင် လေးရက်စီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။