ဈေးကွက်စီးပွားရေးကို လေးစားပြီး ပြည်ပကုမ္ပဏီများ အပေါ် မတရားဖိနှိပ်ခြင်းအား ရပ်တန့်သင့်ဟု အမေရိကန်အား တရုတ်တောင်းဆို

ဈေးကွက်စီးပွားရေးကို လေးစားပြီး ပြည်ပကုမ္ပဏီများ အပေါ် မတရားဖိနှိပ်ခြင်းအား ရပ်တန့်သင့်ဟု အမေရိကန်အား တရုတ်တောင်းဆို

    အမေရိကန်အစိုးရ အနေဖြင့် ဈေးကွက်စီးပွားရေးကို လေးစားပြီး ပြည်ပကုမ္ပဏီများအပေါ် မတရားဖိနှိပ်ခြင်းအား ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ် ၂၄ ရက်တွင် တောင်းဆိုသည်။

ထို့ပြင် အမေရိကန်အနေဖြင့် ဈေးကွက်အတွင်း မျှတသည့် ပြိုင်ဆိုင်မှုဆိုင်ရာ အခြေခံ စည်းမျဉ်းများကို   လေးစားလိုက်နာရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ မောင်နင်းက ဆက်လက်တောင်းဆိုသည်။ တရုတ်အစိုးရ၏ အဆိုပါတောင်းဆိုချက်သည် လူမှုမီဒီယာကြီး တစ်ခုဖြစ်သည့် TikTok မှအမှုဆောင် အရာရှိချုပ်တစ်ဦးဖြစ်သူ ချူရှူးကျိက အမေရိကန်ကွန်ဂရက် ရှေ့မှောက်တွင် မတ် ၂၃ ရက်၌ ကျင်းပသည့် ကြားနာစစ်ဆေးမှု ခံယူပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်အစိုးရသည် ပြည်ပနိုင်ငံများ၏ သတင်းအချက်အလက်၊ ထောက်လှမ်းရေးသတင်းများကို စုဆောင်းရန် မည်သည့်ကုမ္ပဏီ သို့မဟုတ် လူတစ်ဦးတစ်ယောက်ကိုမျှ တောင်းဆိုထားခြင်းမရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံ၏ ပြည်တွင်းဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်အစိုးရသည် ဥပဒေနှင့်အညီ လူတစ်ဦးတစ်ယောက်စီ၏ ပုဂ္ဂိုလ်ရေးအရ အချက်အလက်များနှင့် လုံခြုံရေးကို အကာအကွယ်ပေးထားကြောင်း  မောင်နင်းက ဆက်လက် ပြောကြားသည်။

TikTok ဝက်ဘ်ဆိုက်သည် အမေရိကန် ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုအဖြစ် အမေရိကန်အစိုးရက ယူဆလျက်ရှိသော်လည်း  အဆိုပါယူဆချက်ကို  ချူရှူးကျိက အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များ ရှေ့မှောက်တွင်   ငါးနာရီကျော်ကြာ စစ်ဆေးကြားနာမှု ခံယူစဉ်အတွင်း ငြင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ၌ Tik Tok ဝက်ဘ်ဆိုက်အား အသုံးပြုနေသူ သန်း ၁၅၀ ကျော်ရှိပြီး ဝက်ဘ်ဆိုက်အနေဖြင့် အမေရိကန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်လျက်ရှိကြောင်း အမှုဆောင် အရာရှိချုပ်တစ်ဦးဖြစ်သူ   ချူရှူးကျိက ထပ်လောင်း ပြောကြားသည်။

ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် ပြည်ပနိုင်ငံများမှ  ကုမ္ပဏီများအား နိုင်ငံအတွင်း၌  ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပွင့်လင်းမှုရှိပြီး ခွဲခြားမှုမရှိသည့် ဝန်းကျင်တစ်ခု ဖန်တီးပေးရန် တရုတ်အစိုးရက တောင်းဆိုခဲ့ကြောင်း သိရသည်။