ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရေအောက်လက်နက် စနစ်သစ်တစ်မျိုးကို မြောက်ကိုရီးယား စမ်းသပ်

ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရေအောက်လက်နက် စနစ်သစ်တစ်မျိုးကို မြောက်ကိုရီးယား စမ်းသပ်

    မြောက်ကိုရီးယားနိုင်ငံသည်  နိုင်ငံ၏လုံခြုံရေးအပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှု အခြေအနေများကို တုံ့ပြန်သည့်အနေဖြင့် ရေအောက် လက်နက်စနစ် သစ်တစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက မတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။

မြောက်ကိုရီးယား အစိုးရသည် Haeil ဟုအမည်ပေးထားသည့် ရေအောက်သွား နျူကလီးယား တိုက်ခိုက်ရေး မောင်းသူမဲ့ ယာဉ်သစ်ကို မတ် ၂၁ ရက်မှ ၂၃ ရက်အထိ တောင်ဟမ်ဂွမ်ပြည်နယ်  ကမ်းရိုးတန်း၌ လုပ်ဆောင်ခဲ့သည့်  လေ့ကျင့်မှု တစ်ရပ်အတွင်း စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ယင်းမောင်း သူမဲ့ယာဉ်သည် ပင်လယ်ရေအောက်အနက် ၈၀ မီတာမှ ၁၅၀ မီတာမှနေ၍ နာရီပေါင်း ၅၉ နာရီ ၁၂ မိနစ် မောင်းနှင်သွားပြီးနောက် ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။

Haeil ရေအောက်သွား မောင်းသူမဲ့ ယာဉ်သည် ရေအောက်တွင် နျူကလီးယား တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်သည့်အပြင် အဆိုပါယာဉ်အား စစ်ဆင်ရေးတွင် အသုံးပြုရန်အတွက်  မည်သည့်ကမ်းရိုးတန်း သို့မဟုတ် မည်သည့်ဆိပ်ကမ်းတွင်မဆို ဖြန့်ကြက်နိုင်ပြီး   သင်္ဘောများနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ကြောင်း သိရသည်။

မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့သည့် အဆိုပါလေ့ကျင့်မှုများကို ခေါင်းဆောင် ကင်ဂျုံအွန်က ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း သိရသည်။