ထွက်ပြေးတိမ်းရှောင်နေသည့် ဒစ်ဂျစ်တယ်ငွေကြေး ကုမ္ပဏီတည်ထောင်သူတစ်ဦးအား တောင်ကိုရီးယား ပြန်လည်လွှဲပြောင်း ရယူမည်

ဆိုး၊ ရာဇဝတ်မှု

ထွက်ပြေးတိမ်းရှောင်နေသည့် ဒစ်ဂျစ်တယ်ငွေကြေး ကုမ္ပဏီတည်ထောင်သူတစ်ဦးအား တောင်ကိုရီးယား ပြန်လည်လွှဲပြောင်း ရယူမည်

တောင်ကိုရီးယားအစိုးရသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒစ်ဂျစ်တယ်ငွေကြေး ကုမ္ပဏီတည်ထောင်သူ တစ်ဦးအား နိုင်ငံအတွင်းသို့ ပြန်လည်လွှဲပြောင်းသွားမည်ဖြစ်ကြောင်း အစိုးရရှေ့နေများက အတည်ပြုထုတ်ပြန်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ကွမ်ဒိုဟွမ်သည်တောင်ကိုရီးယားနိုင်ငံတွင် Terraform Lab အမည်ရှိ ဒစ်ဂျစ်တယ် ငွေကြေးဆိုင်ရာ ကုမ္ပဏီကို တည်ထောင်ထားပြီး ဒစ်ဂျစ်တယ်ငွေကြေးနှစ်မျိုးကို ဖန်တီးနိုင်ခြင်းကြောင့် နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံသူ အများအပြားကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သူ ဖြစ်သည်။ သို့ရာတွင်  ၎င်းတည်ထောင်ထားသည့်ကုမ္ပဏီသည်  ပြီးခဲ့သည့် နှစ်အတွင်းက ပြိုလဲသွားခြင်းကြောင့် ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ  ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများမှာ ဆုံးရှုံးသွားရာ ၎င်းအား အစိုးရက လိမ်လည်မှုဖြင့် စွဲဆိုထားသည်။

ထို့ပြင် ၎င်းအား အမေရိကန်အစိုးရကလိမ်လည်မှု၊ အီလက်ထရွန် ဆက်သွယ်ရေးစနစ်မှတစ်ဆင့် လိမ်လည်ရန် ကြိုးပမ်းမှု အပါအဝင် ပြစ်မှု ရှစ်ခုဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

ကွမ်၏ Terraform Lab ကုမ္ပဏီပြိုလဲမှုသည် တောင်ကိုရီးယားရှိ ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ကိုသာမက ကမ္ဘာ့ ဒစ်ဂျစ်တယ် ဈေးကွက်ကိုပါ    ဂယက်ရိုက်စေခဲ့သည်။

သို့သော် ကွမ်သည် ၎င်း၏ကုမ္ပဏီမပြိုလဲမီ စင်ကာပူသို့ထွက်ခွာသွားပြီးနောက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ၎င်း အား မွန်တီနီဂရိုးနိုင်ငံရှိ ပေါ့ဂိုရီကာလေဆိပ်၌ ဒေသတွင်းရဲတပ်ဖွဲ့က တောင်ကိုရီးယား၏ တောင်းဆိုချက်အရ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် ကွမ်အား နိုင်ငံအတွင်းသို့ ပြန်လည်လွှဲပြောင်းနိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းနှင့် ဆွေးနွေးလျက်ရှိကြောင်း ဆိုးတောင်ပိုင်းခရိုင် အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကင်ဟီးကျောင်က မတ် ၂၄ ရက်တွင် အတည်ပြု ပြောကြားထားကြောင်း  သိရသည်။

Ref: CAN