ဒေါ်လာ၏ရပ်တည်မှုကိုပိုမိုခြိမ်းခြောက်လာပြီး နိုင်ငံတကာငွေကြေးအဖြစ်ပိုမိုထွက်ပေါ်လာသည့် တရုတ်ယွမ်ငွေကြေး

စီးပွားရေး

ဒေါ်လာ၏ရပ်တည်မှုကိုပိုမိုခြိမ်းခြောက်လာပြီး နိုင်ငံတကာငွေကြေးအဖြစ်ပိုမိုထွက်ပေါ်လာသည့် တရုတ်ယွမ်ငွေကြေး

တရုတ်ယွမ်ငွေကြေးသည် ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာပေါ်၌ပဉ္စမမြောက် အသုံးအများဆုံးဖြစ်သည့် ငွေကြေးအဖြစ် ရပ်တည်လျက်ရှိသည့်အပြင် ယွမ်ငွေကြေး၏ လွှမ်းမိုးမှုမှာ ဆက်လက်မြင့်တက်လာလျက်ရှိသည်ကို တွေ့ရသည်။

ယွမ်ငွေကြေးကို ကမ္ဘာ့နိုင်ငံအများအပြားက ကုန်သွယ်မှုလုပ်ဆောင်ရာ၌ နိုင်ငံအချင်းချင်းငွေကြေးပေးချေရာတွင် ပိုမို အသုံးပြု လာခြင်းကြောင့် တရုတ်နိုင်ငံသုံးငွေကြေးသည် နိုင်ငံတကာသုံး ငွေကြေးအဆင့်သို့ တဖြည်းဖြည်းချင်း တက်ရောက်လာသည်ဟု ကျွမ်းကျင်သူများက မတ် ၂၄ ရက်တွင် ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများအကြား ယွမ်ငွေကြေးကို အသုံးပြု၍ပေးချေခြင်းသည် ပြီးခဲ့သည့်လအတွင်းမှာပင် ၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ ရောက်ရှိလာသောကြောင့် ယခုနှစ်ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၉၁ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ယွမ်ငွေကြေးကို ကြားခံငွေကြေးအဖြစ် ပိုမိုအသုံးပြုလာခြင်း သို့မဟုတ် အသုံးပြုမှုမြင့်တက် လာခြင်းသည် တရုတ်နိုင်ငံကနယ်စပ်ဒေသများတွင် ၎င်းတို့၏ ငွေကြေးကိုကုန်ပစ္စည်း ရောင်းဝယ်မှုများအတွက် အသုံးချလာခြင်းနှင့် အခြေခံအဆောက်အဦ တည်ဆောက်မှုအတွက် ငွေကြေးပေးချေရာတွင် ပိုမိုအသုံးပြုလာမှုတိုးတက်လာခြင်းကို ထင်ဟပ်ပြသ လျက်ရှိကြောင်း Everbright Bank မှ စီးပွားရေးစိစစ် အကဲဖြတ်သူတစ်ဦးဖြစ်သူ ကျူမောင်ဟွာက ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ဘဏ်အချင်းချင်း ငွေကြေးလွှဲပြောင်းပေးရာတွင် ယွမ်ငွေကြေးကိုအသုံးပြုလုပ်ဆောင် ခြင်းသည် ပြီးခဲ့သည့်နှစ်အတွင်းမှာပင် ယွမ် ၉၆ ဒသမ ၇ ထရီလီယံ (ဒေါ်လာ ၁၄ ဒသမ ၁ ထရီလီယံ)အထိ ရောက်ရှိ လာသော ကြောင့် ယခင်နှစ်က လုပ်ဆောင်ခဲ့သည့် ငွေကြေးလွှဲပြောင်းမှုနှင့်နှိုင်းယှဉ်ပါက ၂၁ ဒသမ ၄၈ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။

အလားတူပင် တရုတ်ယွမ်ငွေကြေးကို ဘဏ္ဍာရေးဈေးကွက်များတွင်လည်း နိုင်ငံတကာသုံးငွေကြေးအဖြစ် ပိုမိုအသုံးပြုလာခြင်း ကြောင့် တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေကြေးကို နိုင်ငံတကာသုံးငွေကြေးအဖြစ် ပိုမိုတိုးမြှင့်လာနိုင်သည့် အခွင့်အလမ်းများ ရှိနေကြောင်း တရုတ်ဘဏ္ဍာရေးနှင့် စီးပွားရေးဗဟိုတက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ယန်ဟိုင်ပင်းက ပြောကြားသည်။

ယွမ်ငွေကြေးသည် နိုင်ငံတကာငွေကြေးအဖြစ်သို့ တစ်စထက်တစ်စတက်လှမ်းလာသည့် အခြားအကြောင်းရင်းတစ်ရပ်ရှိသည်။  ယင်းမှာ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုကိုကျော်တက်၍ အီးယူ၏အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံအဖြစ်   ရပ်တည် နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင်အီးယူ၏ အကြီးဆုံးအဓိက ကုန်သွယ်ဖက်နိုင်ငံအဖြစ် အမေရိကန်ကို ကျော်တက်နိုင်ခဲ့ကြောင်း ဥရောပသမဂ္ဂအဖွဲ့၏ စာရင်းအင်းအဖွဲ့ ယူရိုစတက်ကထုတ်ပြန်ခဲ့သည်။

နောက်ဆုံးထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံသည်ယခုအခါ ဥရောပရှိအချို့စီးပွားရေးနိုင်ငံကြီးများ၏ စီးပွားရေးဆိုင်ရာ ကဏ္ဍများ တွင် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်လာနိုင်ပြီဖြစ်သောကြောင့် ယွမ်ငွေကြေးသည် နိုင်ငံတကာသုံးငွေကြေးအဖြစ် ပိုမိုတက်လှမ်း နိုင်မည့် အလားအလာ မြင့်တက်လာခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

တရုတ်နိုင်ငံသည် ယခုအခါ ဒစ်ဂျစ်တယ်ငွေကြေးတီထွင်ဖန်တီးမှုတွင် အမေရိကန်ပြည်ထောင်စုထက်ပို၍ သာလွန်လျက်ရှိသော ကြောင့် တရုတ်ယွမ်ငွေကြေးသည်အထူးသဖြင့် အမေရိကန်ဒေါ်လာအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထွက်ပေါ်လာသည်ဟု သုံးသပ်သူများက ပြောသည်။ ဒေါ်လာငွေကြေးသည် လောလောဆယ်တွင် ကမ္ဘာ့အရန်ငွေကြေးအဖြစ် ရပ်တည်နေပြီး ကမ္ဘာ့နိုင်ငံ အများအပြား၏ ဗဟိုဘဏ်များက နိုင်ငံခြားအရန်ငွေကြေးအဖြစ်ထားရှိသည့် ငွေကြေးလည်းဖြစ်သည်။

ထို့ပြင် ကမ္ဘာပေါ်ရှိနိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်သွယ်မှုလုပ်ဆောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းတို့တွင်လည်း ဒေါ်လာ ငွေကြေးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု  လုပ်ဆောင်နေသောကြောင့် ဒေါ်လာငွေကြေး၏   ရပ်တည်မှုသည် ယခင်က ခြိမ်းခြောက်မှု မရှိသည့် အခြေအနေတွင်ရှိနေသော်လည်း ယခုအခါ ယင်းငွေကြေး၏ လွှမ်းမိုးနိုင်မှုသည် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံ ဘော့စတွန်ပြည်ထောင်စု ဗဟိုဘဏ်နှင့် MIT’s ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ကနဦးဆောင်ရွက်မှုအဖွဲ့မှ သုတေသီများ၏ ပြောဆိုချက်ကို  ကိုးကား   CNBC သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။

တရုတ်ယွမ်ငွေကြေး၏ လွှမ်းမိုးနိုင်မှုမြင့်တက်လာခြင်းသည် တရုတ်အစိုးရ၏ စွမ်းဆောင်ရည်အပေါ် များစွာမူတည်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှု များကို အလျင်အမြန်ထိန်းချုပ်နိုင်ရေးအတွက် ထိရောက်စွာလုပ်ဆောင် နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

တရုတ်အစိုးရအဖွဲ့သည် နိုင်ငံအတွင်း၌ လော့ဒေါင်းချခြင်းအပါအဝင် တင်းကျပ်သည့်ကန့်သတ်ချက်များကို ချမှတ်၍ အကောင် အထည်ဖော်နိုင်ခဲ့သည်။ ရောဂါပိုးကိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ၊ ဈေးဝယ်စင်တာများ စသည့်လူစည်ကားသည့် နေရာများကို ပိတ်ဆို့ပစ်ခဲ့သည်။  ယင်းလုပ်ဆောင်ချက်သည်  နိုင်ငံ၏စီးပွားရေးအတွက်သော် လည်း ကောင်း၊ ပြည်သူများ၏ဝင်ငွေအပေါ် ကြီးမားစွာထိခိုက်ခဲ့သည်ဟု ဆိုနိုင်သော်လည်း နောက်ဆုံးရလဒ်မှာ အစိုးရက ရောဂါပိုး ကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်။

နိုင်ငံအတွင်း   ကူးစက်ပျံ့နှံ့နေသည့် ရောဂါပိုးကိုထိန်းချုပ်ပြီးနောက်ပိုင်းတွင် အစိုးရကရောဂါပိုးကူးစက်မှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးနှင့် ပြည်သူများအတွက် အထောက်အကူပြုစေရန် ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကိုက်ညီ မှုရှိနိုင်မည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာမူဝါဒများကို ချမှတ်ခဲ့သည်။ အဓိကရည်မှန်းချက်မှာ ရောဂါပိုးကူးစက်မှုကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာရေး လှုံ့ဆော်ပေးရန် အတွက်ပင်ဖြစ်သည်။ 

အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်သည် နိုင်ငံအတွက် အဓိကဝင်ငွေရှာဖွေပေးနေသည့် ပို့ကုန်တင်ပို့ခြင်းကို  များစွာ အထောက်အကူ ပြုခဲ့သည်။ ပို့ကုန်ကဏ္ဍပြန်လည်စတင်လာခြင်းသည်  နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို    ထိရောက်စွာပံ့ပိုးနိုင်ခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးအလျင်အမြန် ပြန်လည်နာလန်ထူစေသည့်အကြောင်းရင်းတစ်ရပ်မှာ   ရပ်ဆိုင်းခဲ့ရ သည့်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့ခြင်းကို ပြန်လည်စတင်နိုင်ခဲ့သောကြောင့်ပင်ဖြစ်သည်။

ပို့ကုန်ကဏ္ဍကို တိုးမြှင့်နိုင်ခြင်းကြောင့် ကုန်သွယ်ဖက်နိုင်ငံများနှင့်အတူ ပူးပေါင်း၍ ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်တွင် နေရာယူထား သည့် ဒေါ်လာ၏လွှမ်းမိုးမှုကို တုံ့ပြန်နိုင်ရေးလုပ်ဆောင်လာသည်။ ထို့ပြင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို  တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ ယွမ်ငွေကြေးသည် လက်ရှိကုန်သွယ်ရေးဈေးကွက်တွင် လွှမ်းမိုးနေသည့်ဒေါ်လာအား မကြာမီ အနာဂတ်ကာလတွင် ခြိမ်းခြောက်လာနိုင်သည့် ငွေကြေးအဖြစ်သို့   ထွက်ပေါ်လာလျက်ရှိသည်။              

 Ref: CNBC, PD