စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၉၅)

ဓာတ်အားထုတ်လုပ်မှုမှာ သဘာဝဓာတ်ငွေ့နဲ့ပဲဖြစ်ဖြစ်၊ LNG နဲ့ပဲဖြစ်ဖြစ် မြန်မြန်ဓာတ်အားရစေမယ့်အရင်းအမြစ်တွေကို ဦးစား ပေးပြီး ဓာတ်အားရရုံသက်သက် ဆောင်ရွက်ခဲ့ရင်လည်း ဓာတ်အားခတွေမြင့်လာနေမှာပါ။ ပြည်တွင်းကထွက်ရှိမယ့် ကုန်ပစ္စည်း တွေဟာလည်း ကမ္ဘာ့ဈေးကွက်ကို ယှဉ်ဖို့ခက်ပါတယ်။ အခြားဓာတ်အားသုံးစွဲသူ ပြည်သူတွေလည်း ဓာတ်အားခဈေးကြီးကြီး ပေးရမယ်ဆိုတဲ့ အချက်ကို နိုင်ငံတိုင်းက ရှောင်ကြပါတယ်။ အထက်မှာဖော်ပြခဲ့ပြီးတဲ့ ဗီယက်နမ်ရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ဟာလည်း မသေးလှပါဘူး။ ဒါပေမဲ့ သူ့နေရာနဲ့သူ သုံးသင့်တဲ့နေရာမှာသာ သုံးသွားတာကို တွေ့ရမှာပါ။ ဒါကြောင့် ဗီယက်နမ် ဓာတ်အားစနစ်ထဲမှာ အရင်းအမြစ်မျိုးစုံသုံးပြီး ဆောင်ရွက်နေတယ်ဆိုတာကို သိသာစေဖို့ အောက်ပါဇယားနဲ့ ဖော်ပြလိုက်ပါတယ်။

တပ်ဆင်အင်အားအပေါ် နှစ်အလိုက်အရင်းအမြစ်ပါဝင်မှုအချိုး

အရင်းအမြစ်                                          နှစ်အလိုက်ပါဝင်မှုအချိုး(%)

                                                            ၂၀၁၄               ၂၀၁၅               ၂၀၁၆

ရေအား/ Pump Storage             ၄၄.၃                ၂၅                    ၁၂

ကျောက်မီးသွေး                                     ၂၈                    ၅၁                    ၅၉

ဓာတ်ငွေ့+ရေနံ                                      ၂၃.၇                 ၁၈                    ၁၇

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်                     ဝ.၂                   ၄                      ၅

ပြည်ပတင်သွင်းမှု                                    ၃.၅                   ၂                      ၁

နျူကလီးယား                                        ဝ                      ၀                      ၆

(Source; Vietnam Electricity Development and Power Sector Development by CEO,EVN, 2015 March)

ဒီဇယားအရ ဗီယက်နမ်ရဲ့ ရေရှည်ရည်မှန်းချက်ဟာ ကျောက်မီးသွေးကိုတိုးပြီး အသုံးပြုမယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ၅ ရာခိုင်နှုန်းခန့်သာ ထည့်သွင်းထားမယ်ဆိုတာ ပေါ်လွင်ပါတယ်။ အကြောင်းကတော့ သူ့မှာ ရေအားလျှပ်စစ်က အကန့်အသတ် ရှိလာလို့ ဓာတ်အားခဈေးနှုန်းမကြီးစေဖို့ ကျောက်မီးသွေးကို သုံးသွားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ အထူးသတိပြုမိတာကတော့ နှစ်အလိုက် ဓာတ်ငွေ့သုံးစွဲမောင်းနှင်မှုကို လျှော့ချလာခြင်းပါပဲ။

နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း

အခု နောက်ဆုံးဖော်ပြမယ့်အချက်ကတော့ အလွန်အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဓာတ်အားတည်ငြိမ်ပြီး ဈေးနှုန်းသက်သာဖို့ ဆိုတာ သက်ဆိုင်ရာနိုင်ငံ ဧရိယာတစ်ခုတည်းနဲ့ စည်းခြားပြီး ဆောင်ရွက်နေလို့မရပါဘူး။ စည်းခြားပြီး ဘောင်ကျဉ်းကျဉ်းနဲ့ ဆောင်ရွက်နေရင် ကိုယ့်မှာဓာတ်အားလိုတဲ့အခါ ဝယ်စရာနေရာမရှိသလို ကိုယ့်မှာ ပိုနေတဲ့အခါမှာလည်း ရောင်းစရာနေရာမရှိပါဘူး။ ကိုယ့်လျှပ်စစ်စီမံကိန်းတွေကို ဆက်တိုက် အကောင်အထည်ဖော်ရမယ်၊ ကိုယ်လည်း အထိုက်အလျောက်သုံးမယ်၊ ရောင်းလည်း ရောင်းမယ်ဆိုတဲ့မူကို လာအို၊ တရုတ်၊ ဗီယက်နမ်တို့က ကျင့်သုံးနေတယ်။

ဒါကြောင့် ဗီယက်နမ်ဟာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံစလုံးနဲ့ မဟာဓာတ်အားလိုင်းချိတ်ဆက်ထားပါတယ်။ ရံဖန်ရံခါ သက်သာသူထံက ဝယ်ပြီး တစ်ပြိုင်နက် အခြားနိုင်ငံကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းနေတာကိုလည်း ကမ္ဘာအနှံ့မှာ တွေ့ရမှာပါ။ အနီးစပ်ဆုံးဥပမာပြောရရင် အိန္ဒိယနိုင်ငံဟာ ဘူတန်နိုင်ငံကနေ ဓာတ်အားဝယ်နေတာနဲ့ တစ်ပြိုင်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ကို ဓာတ်အားရောင်းနေပါတယ်။ ဒီနည်းကို ဗီယက်နမ်ကသုံးနေပါတယ်။ ကိန်းဂဏန်းနဲ့ကာလတွေပါ ဖော်ပြပါမယ်။

ဗီယက်နမ် နှစ်အလိုက်ဓာတ်အားဝယ်ယူခြင်းနဲ့ ရောင်းရခြင်း တစ်ပြိုင်နက်ဆောင်ရွက်မှု

ခုနှစ်     တရုတ်နဲ့လာအိုမှဝယ်ယူခြင်း(ကီလိုဝပ်နာရီသန်း)                ကမ္ဘောဒီးယားနဲ့လာအိုသို့ရောင်းချခြင်း(ကီလိုဝပ်နာရီသန်း)

၂၀၁၀                                        ၅၇၀၀                                                                           ၉၅၀

၂၀၁၁                တရုတ်             ၅၀၀၀                                                                           ၁၁၅၀

၂၀၁၂                                        ၂၈၀၀                                                                            ၁၂၂၀

၂၀၁၃    တရုတ်  ၈၅%                ၃၈၀၀                                                                           ၁၃၅၀

၂၀၁၄    လာအို  ၁၅%                 ၂၂၀၀                                                                            ၈၈၀

၂၀၁၅                                         ၂၃၀၀                                                                           ၈၂၀

စုစုပေါင်း                                    ၂၁၈၀၀                                                                        ၆၃၇၀

 

ဖော်ပြခဲ့တဲ့ ၆ နှစ်အတွင်း ဗီယက်နမ်ဆောင်ရွက်ခဲ့တဲ့ ဓာတ်အားဝယ်ရောင်းကိစ္စကိုလေ့လာရင် တရုတ်ကို ဗီယက်နမ်က ဓာတ်အား ပြန်ရောင်းလို့ မရတော့တာကို တွေ့ရမှာပါ။ အကြောင်းကတော့ တရုတ်ဟာ ဗီယက်နမ်ထက် ဓာတ်အားပိုမိုလုံလောက်နေလို့ပါပဲ။ ဘာကြောင့်လုံလောက်နေရတယ်၊ ဘာတွေသုံးပြီး လုံလောက်နေတယ်ဆိုတာကိုတော့ တရုတ်နိုင်ငံအခန်းမှာ ဖော်ပြခဲ့ပြီးပါပြီ။ တရုတ်နိုင်ငံမှာ သုံးစွဲနေတဲ့အရင်းအမြစ် အချိုးမှန်ကန်လို့ သူ့နိုင်ငံဓာတ်အားခဈေးနှုန်းဟာလည်း မိမိတို့ အရှေ့တောင်အာရှ နိုင်ငံတွေ ထက် သက်သာနေပါတယ်။

ဗီယက်နမ်အကြောင်း နိဂုံးချုပ်ရရင် ဗီယက်နမ်ဟာ ၁၉၇၅ ခုနှစ်အထိ အကြီးအကျယ်စစ်ဘေးဒဏ်ခံခဲ့ရတဲ့ အာဆီယံနိုင်ငံ တစ်ခုဖြစ်တယ်။ ဒါပေမဲ့ လုပ်စရာရှိတာတွေကို ရဲရဲတင်းတင်းလုပ်တယ်။ ထိထိရောက်ရောက်လုပ်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဇောက်ချလုပ်တယ်။ ဒါကြောင့် ၂၇ နှစ်အတွင်း ဘက်စုံဖွံ့ဖြိုးလာတယ်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ ပိုပြီးချမ်းသာလာမယ်လို့ ဆိုကြ ပါတယ်။ ဆိုလိုတာက ဖွံ့ဖြိုးမှုမြင့်တဲ့နိုင်ငံစာရင်းထဲကို ရောက်မယ်လို့ဆိုတာပါ။ တစ်နိုင်ငံလုံးလည်း ၉၉ ရာခိုင်နှုန်းကျော်  ဓာတ်အားဖြန့်ဖြူးနိုင်ပါပြီ။  ရေအားလျှပ်စစ်၊  ကျောက်မီးသွေး၊ ဓာတ်ငွေ့အချိုးမှန်ကန်စွာနဲ့ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်တဲ့ အတွက် ဓာတ်အားခဟာ သင့်တင့်တဲ့အတွက် ပြည်ပကုန်ထုတ်လုပ်မှုကိစ္စ ရင်းနှီးမြှုပ်နှံသူများ အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံ နေကြပါပြီ။

ဗီယက်နမ်လျှပ်စစ်  (EVN)  ဟာ   ၂၀၁၅   ခုနှစ်မှာ   အခွန်အခနုတ်ပြီး အသားတင်အမြတ်ငွေဟာလည်း ဗီယက်နမ်ဒေါင် ဘီလီယံ ၃၇၀၀ ထိ ရှိခဲ့ပါပြီ။ အရှုံးလည်း မရှိပါဘူး။ ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ စွမ်းအင်စီမံခန့်ခွဲမှုကိစ္စအတွက် အနီးစပ်ဆုံး  လေ့လာသင့်တဲ့ နိုင်ငံပါ။ ရေမြေရာသီဥတု၊ ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်မှုတို့ကအစ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး တူညီတဲ့အခြေအနေ ဖြစ်တဲ့အတွက် ဒီအခန်းမှာ အကျယ်ဖော်ပြရခြင်းဖြစ်ပါတယ်။

လာအိုဘာလုပ်နေလဲ

လာအိုနိုင်ငံဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်ထဲက ကုန်းတွင်းပိတ်နိုင်ငံငယ်တစ်ခုပါ။ စတုရန်းကီလိုမီတာ ၂၃၆၈၀၀ (စတုရန်းမိုင် ၉၁၈၇၅) ရှိပြီး ၂၀၁၆ ခုနှစ် လူဦးရေဟာ ၆ ဒသမ ၇၆ သန်းသာရှိပါတယ်။ မြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ သုံးပုံတစ်ပုံသာရှိပြီး လူဦးရေက မြန်မာနိုင်ငံရဲ့ ရှစ်ပုံတစ်ပုံလောက်ပဲရှိပါတယ်။ တောင်တန်းတွေက ၇၀ ရာခိုင်နှုန်းလောက်ရှိနေပြီး တိုင်းရင်းသား မျိုးစုံနေထိုင်လျက်ရှိပါတယ်။

မဲခေါင်မြစ်တစ်စင်းသာရှိပြီး မြစ်လက်တက်တွေက မဲခေါင်မြစ်ထဲကို စီးဝင်နေပါတယ်။ မဲခေါင်မြစ်ကလည်း တရုတ်ပြည်က မြစ်ဖျားခံလာပြီး မြန်မာနိုင်ငံနဲ့လာအို နယ်ခြားမြစ်အဖြစ် စီးဆင်းတယ်။ အဲဒီကနေ လာအိုနိုင်ငံထဲစီးဝင်တယ်။

ဆက်လက်ဖော်ပြပါမည်။