စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၉၆)

လာအိုထဲကနေ တစ်ဖန် ထိုင်းနဲ့နယ်ခြားပြန်ဖြစ်တယ်။ နောက်တစ်ဖန် လာအိုထဲ ပြန်စီးပြန်တယ်။ တစ်ဖန် လာအိုကနေ  ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံထဲဝင်သွားပြီး မြစ်ဝကျွန်းပေါ်တွေ ဖြစ်ပေါ်စေခဲ့တယ်။ မဲခေါင်မြစ်ပေါ်မှာတော့ နိုင်ငံတိုင်းမှာ ရေအားလျှပ်စစ်တမံကြီးတွေ တည်ဆောက်ပြီးဖြစ်နေသလို ဆောင်ရွက်ဆဲတမံတွေကလည်း မနည်းပါဘူး။ မဲခေါင်မြစ်နဲ့  ဆက်စပ် နေတဲ့နိုင်ငံက ခြောက်နိုင်ငံရှိပါတယ်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး မဟာမဲခေါင်ဒေသအဖွဲ့ဆိုပြီး ဖွဲ့ထားတာရှိပါတယ်။ အမည်ကိုတောင် မဟာမဲခေါင်ဒေသ (Great Mekong Subregion-GMS) လို့ အမည်ပေးထားပါတယ်။

GMS ကို ၁၉၉၂ ခုနှစ်ကစပြီး အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank အစီအစဉ်နဲ့ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေနဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့-

(က)     ဆိုင်ရာနိုင်ငံများ အချင်းချင်းဆက်ဆံမှု တိုးမြှင့်ခြင်းဖြင့် အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုးစေရေး (Connectivity)

(ခ)       ဆိုင်ရာနိုင်ငံများအချင်းချင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ဖွံ့ဖြိုးလာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက် ယှဉ်ပြိုင်မှု မြင့်မားလာစေရေး (Competitiveness)

(ဂ)       ဒေသတွင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်လာစေရေး(Community)

တွေပဲဖြစ်ပါတယ်။ ဒါကတော့ မဲခေါင်မြစ်ကိုအမှီပြုပြီး နိုင်ငံများဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်နေမှုပါပဲ။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ပုံမှန်ကျင်းပနေတဲ့ အစည်းအဝေးပွဲတွေမှာ မြန်မာကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက် နေပါတယ်။

လာအိုနိုင်ငံတိုးတက်မှုများ

လာအိုနိုင်ငံဟာ ၁၈၉၃ ခုနှစ်မှာ ပြင်သစ်ကိုလိုနီဖြစ်ခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ ဂျပန်လက်အောက်ရောက်ခဲ့တယ်။ ဂျပန်လက်နက်ချ ပြီးနောက်မှာ ပြင်သစ်အောက် ပြန်ရောက်ခဲ့တယ်။ ၁၉၄၈ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ လွတ်လပ်ရေးရခဲ့တယ်။ ဒါပေမဲ့ ပြင်သစ် အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲနေရပြီး ၁၉၅၃ ခုနှစ်ကျမှ သီးခြားအုပ်ချုပ်ခွင့်ရခဲ့တယ်။

တိုင်းရင်းသားလူမျိုးစုံနိုင်ငံလည်းဖြစ်သလို လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းရေး မကျေနပ်မှုတွေကြောင့် လွတ်လပ်ရေးရတဲ့အချိန်ကစပြီး  ပြည်တွင်းစစ်ဖြစ်တော့တာပါပဲ။  ၁၉၇၅ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော် ပြည်တွင်းစစ် ဖြစ်နေခဲ့တယ်။

လာအိုနိုင်ငံဟာ လယ်ယာကို အခြေခံထားပြီး မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာသာ လုပ်ကိုင်စားသောက်ကြတာများပါတယ်။ နိုင်ငံရဲ့ အဓိကဝင်ငွေက လယ်ယာကဏ္ဍကပဲ ရတာဖြစ်တယ်။ ပင်လယ်ကမ်းရိုးတန်းကလည်းမရှိ၊ တောင်ကုန်းတောင်တန်းတွေက ၇၀ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းနေတော့ သူ့နိုင်ငံရဲ့ ရေမြေသဘာဝနဲ့ အကိုက်ညီဆုံး ရေအရင်းအမြစ်တွေကို အဓိကသုံးပြီး ရေအား လျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ပြီး ပြည်ပဝင်ငွေရှာဖို့ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှာ စတင်လေ့လာစူးစမ်းခဲ့ကြပါတယ်။ ယခင်က အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ စီးပွားရေးအရ မြန်မာပြီးရင် လာအိုနဲ့ကမ္ဘောဒီးယားဟာ အစဉ်အတိုင်း နောက်ဆုံးကပါပဲ။ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (Least Development Country) တစ်နိုင်ငံလည်းဖြစ်တယ်။ အခုလာအိုနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှုန်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်နေတဲ့အတွက် လူတစ်ဦးစီအတွက် တစ်နှစ်အသားတင် ထုတ်လုပ်မှု တန်ဖိုး Gross Domestic Product (GDP) ၇ ရာခိုင်နှုန်းဝန်းကျင်မှာ ပုံမှန်တိုးတက်နေပြီဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းကနေ လွတ်တော့မယ်လို့ သိရတယ်။ လူတစ်ဦးချင်းစီရဲ့ တစ်နှစ်ဝင်ငွေဟာလည်း နှစ်စဉ် တိုးတက်လာနေလို့ ၂၀၁၇ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၂၀၅၁ ဒသမ ၀၅၄ ဒေါ်လာအထိရှိလာပြီး ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ၂၁၈၉ ဒသမ ၀၅၈ ဒေါ်လာနဲ့ ၂၃၅၀ ဒသမ ၃၂၅ ဒေါ်လာ အသီးသီးဖြစ်လာမှာဖြစ်တယ်။ (ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ)ဒီလိုပြည်တွင်းစစ်ဒဏ်ကို နှစ် ၂၀ လောက်ခံလာခဲ့ရပြီး ဘာသယံဇာတမှလည်း မည်မည်ရရမထွက်၊ သတ်သတ်မှတ်မှတ် မြစ်တစ်စင်းတောင် ကိုယ်ပိုင်မရှိတဲ့  နိုင်ငံ၊  ကုန်းတွင်းပင်လယ်ကမ်းရိုးတန်းမရှိတဲ့ နိုင်ငံ၊ ဘာကြောင့် ဒီလိုတိုးတက်လာသလဲ လေ့လာကြရအောင်ပါ။

လာအိုရဲ့ သယံဇာတကိုပြပါဆိုရင် ရေနံလုံးဝမထွက်သလို ဓာတ်ငွေ့လည်းမထွက်ပါဘူး။ ကျောက်မီးသွေးတော့ အထိုက်အလျောက် ထွက်ပေမယ့် စီးပွားဖြစ်မထွက်ပါဘူး။ သူ့ရဲ့ အဓိကစီးပွားရေးက လယ်ယာစိုက်ပျိုးရေးပါပဲ။ လယ်ယာစိုက်ပျိုးရေးကလည်း မြစ်ဝ ကျွန်းပေါ်လို မြေပြန့်လွင်ပြင်ကနည်းတော့  စားဖို့လောက်သာ  အဓိကထုတ်လုပ်နေတာပေါ့။

ဒီတော့ လာအိုအုပ်ချုပ်သူတွေစဉ်းစားတယ်။ နှစ်ပေါင်းရာချီပြီး ရှေ့ကို မျှော်ကြည့်တယ်။ ရသွားတဲ့အဖြေက သူ့မှာရှိပြီးဖြစ်တဲ့ ရေအရင်းအမြစ်ကို အကျိုးရှိအောင် သုံးမယ်ဆိုတာပါပဲ။ လျှပ်စစ်ဓာတ်အားအတွက် ရေအားအရင်းအမြစ်သုံးပြီး ဒေသတွင်းက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေတဲ့နိုင်ငံတွေကိုရောင်းမယ်၊ ပြည်တွင်းကထွက်တဲ့ ကျောက်မီးသွေးနဲ့လည်း လျှပ်စစ်ထုတ်ပြီး ရောင်းမယ်ဆိုပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းကစလို့ နှစ်ရှည်စီမံချက်တွေချတော့တာပါပဲ။

လာအိုရေအားလျှပ်စစ်

လာအိုမှာ ဘက်စုံထည့်သွင်းစဉ်းစားရင် ဖြစ်နိုင်ခြေရှိတဲ့ ရေအားလျှပ်စစ်အရင်းအမြစ်ဟာ မဂ္ဂါဝပ် ၁၈၀၀၀ ထက်မပိုပါဘူး။ မြန်မာရဲ့ ထက်ဝက်တောင်မရှိပါဘူး။ မြန်မာက ချက်ချင်းအကောင်အထည်ဖော်လို့ရတာတောင် ၃၉၆၆၉ မဂ္ဂါဝပ်ရှိပါတယ်။ မြင်အောင် ပြောရရင် ရေအားအရင်းအမြစ် (ဘက်စုံစဉ်းစားပြီး ဖြစ်နိုင်ခြေရှိပြီး ပမာဏ) မြန်မာက ၃၉၆၆၉ မဂ္ဂါဝပ်၊ ကမ္ဘောဒီးယားက ၅၇၀၃ မဂ္ဂါဝပ်၊ ထိုင်းက ၄၅၆၆ မဂ္ဂါဝပ်၊ ဗီယက်နမ်က ၃၅၁၀၅ မဂ္ဂါဝပ် အသီးသီးရှိနေလို့ မြန်မာရဲ့ ရေအားလျှပ်စစ်ပိုင်ဆိုင်မှုကို အာဆီယံနိုင်ငံတစ်နိုင်ငံမှမမီပါဘူး။

လာအိုဟာ မဲခေါင်မြစ်ရဲ့ လက်တက်တိုင်းလိုလိုမှာ တမံအဆင့်ဆင့် တည်ဆောက်ပြီး ရေအားလျှပ်စစ်စက်ရုံတွေနဲ့ လျှပ်စစ်ထုတ်ဖို့ အင်တိုက်အားတိုက်လုပ်ဆောင်နေပါတယ်။                     

ဆက်လက်ဖော်ပြပါမည်။