စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၀၁)

နျူကလီးယားစက်ရုံဟာ ဓာတ်အားကို ပုံမှန်အခြေဝန် (Base Load) ထမ်းထားမှာဖြစ်လို့ အခြေဝန်အတွက်တော့ အားကိုး ရပါတယ်။ နျူကလီးယားဟာ မောင်းနှင်ဆဲမှာတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပေမယ့် စွန့်ပစ်လောင်စာပစ္စည်း ဖျက်ဆီးတဲ့ ကိစ္စမှာတော့ ယနေ့အထိ ရေရာတဲ့အဖြေမရှိသေးပါဘူး။ ဈေးနှုန်းကတော့ ရေအားလျှပ်စစ်ထုတ်တဲ့ ဓာတ်အား ထုတ်လုပ်မှု စရိတ်နဲ့ မကွာလို့ ဈေးသက်သာပါတယ်။ နိုင်ငံမှာ ဈေးသက်သာတဲ့ ရေအားလျှပ်စစ်အရင်းအမြစ်တွေ ဒီလောက် ပေါကြွယ်ဝ နေသေးတဲ့ အတွက် နျူကလီးယားကို မရွေးသင့်သေးဘူးလို့သာ မှတ်ချက်ပြုပါ့မယ်။

ယူရေနီယမ်ဟာ  စွမ်းအားဘယ်လောက်အထိ  ကြီးမားတယ်ဆိုတာ အလျဉ်းသင့်လို့ ဗဟုသုတအဖြစ် ဖော်ပြပါမယ်။ လောင်စာမျိုးကွဲ တွေထဲမှာ လောင်စာတစ်ကီလိုဂရမ်သုံးလိုက်ရင် ၁၀၀ ဝပ်အား မီးလုံးတစ်လုံးကို အချိန်ဘယ်လောက်ကြာကြာ ထွန်းညှိလို့ရမလဲ ဆိုတာ အောက်ကဇယားမှာ လေ့လာနိုင်ပါတယ် -

လောင်စာတစ်ကီလိုဂရမ်သုံးပြီး ၁၀၀ ဝပ်မီးလုံးထွန်းညှိထားနိုင်မည့်အချိန် နှိုင်းယှဉ်ချက်

လောင်စာအမျိုးအစား                                           အချိန်

            သစ်                                                      ၁.၂ ရက်

            အီသနော                                               ၃.၁ ရက်

            ကျောက်မီးသွေး                                      ၃.၈ ရက်

            ရေနံ                                                      ၄.၈ ရက်

            ဒီဇယ်                                                    ၅.၃ ရက်

            ယူရေနီယမ် (Natural)                            ၁၈၂ ရက်

            ယူရေနီယမ် (Reactor Grade)                  ၁၁၇၁ နှစ်

            ယူရေနီယမ် (Breeder)                            ၂၅၇၀၀ နှစ်

မှတ်ချက်။          (က)      Natural Uranium သည် Uranium U- 235, 0.7 % ပါရှိသည်။

                        (ခ)       Reactor Grade Uranium သည် Uranium U- 235, 5 % ပါရှိသည်။

 စာရေးခဲတံတစ်ချောင်းမှာရှိတဲ့ ခဲဖျက်အရွယ် ယူရေနီယမ်ဟာ

- ဒီဇယ်ဆီ ၁၄၉ ဂါလန်

- ကျောက်မီးသွေး ၁၇၀၀ ပေါင်

- သဘာဝဓာတ်ငွေ့ ၁၇၀၀၀ ကုဗပေ

တို့မှထွက်ရှိနိုင်တဲ့ စွမ်းအင်ပမာဏနှင့် တူညီတဲ့စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။ သုံးတတ်ရင်ဆေး မသုံးတတ်ရင်တော့ အကြီးဆုံး ဘေးဖြစ်တဲ့ ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်ပါပဲ။

(ဃ) သဘာဝဓာတ်ငွေ့ရဲ့ သဘာဝ

သဘာဝဓာတ်ငွေ့ဟာ ထွက်ရှိရာဒေသဝန်းကျင်မှာ ပိုက်လိုင်းသွယ်တန်းပြီးသုံးစွဲနိုင်သလို ဝေးလံတဲ့ဒေသတွေကိုလည်း Liquefied Natural Gas (LNG) အဖြစ် သယ်သွားပြီး သုံးလို့ရတယ်။ ဓာတ်ငွေ့ကို သိုလှောင်ထားစရာမလိုပါဘူး။ သဘာဝအတိုင်းထွက်ရှိနေတဲ့ ဓာတ်ငွေ့ကို ဖိအားထိန်းညှိ ထုတ်ပေးထားဖို့ပဲ လုပ်ကြပါတယ်။ ဒီတော့ ပြဿနာဖြစ်တတ်တာက  ပိုက်တွေရဲ့ကြံ့ခိုင်ရေးကို  အဆင့်မြှင့် ထားဖို့ပဲ။  ဓာတ်ငွေ့သုံးတဲ့နိုင်ငံတွေမှာ  ဓာတ်ငွေ့ဈေးအတက်အကျရှိရင်  ဓာတ်အားခအပေါ် သက်ရောက်မှုရှိတတ်တယ်။  မြန်မာမှာ  ကိုယ့်ပြည်တွင်းက  ဓာတ်ငွေ့ဖြစ်လို့  ဈေးနှုန်းပြဿနာ ဖြစ်စရာမရှိဘူးလို့ မထင်ပါနဲ့။ သူ့မှာ ကမ္ဘာ့ပေါက်ဈေး တန်ဖိုးတစ်ခု ရှိနေပါတယ်။   ကိုယ်လည်းဝယ်သုံးရတာပါပဲ။ ဓာတ်ငွေ့ဟာ ကုန်ဆုံးတတ်တဲ့ တွင်းထွက်လောင်စာပါ။ ဘာနဲ့ထုတ်ထုတ် လျှပ်စစ်က တော့ လျှပ်စစ်ပါပဲ။ ထုတ်လုပ်မှုဈေးကြီးရင် ဓာတ်အားခဈေးကြီးတဲ့ဒဏ်ခံရမှာပဲ။ ဒါ့ကြောင့် ဓာတ်ငွေ့ရဲ့သဘောကတော့ CO2 ထွက်ရှိမှုနည်းတယ်၊ အခြေဝန်ရော၊ အလယ်အလတ်ဝန်ရော၊ အမြင့်ဝန်ပါထမ်းနိုင်တယ်။ ဒါပေမဲ့ ဓာတ်အားထုတ်လုပ်မှုစရိတ်က လက်ရှိအခြေအနေမှာ ရေအားလျှပ်စစ်ထက် ၁ ဒသမ ၅ ဆနဲ့ ကျောက်မီးသွေးလျှပ်စစ်ထက် ၁ ဒသမ ၂၅ ဆခန့်ထိ ဈေးပိုကြီးတယ်။ LNG ဝယ်သုံးရရင် ကမ္ဘာ့ LNG ဈေး ဓာတ်ငွေ့ဈေးပေါ်မူတည်ပြီး ဓာတ်အားခ မတည်မငြိမ်ဖြစ်တတ်တဲ့သဘောပါ ထပ်ဆောင်း စဉ်းစားရပါမယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းသာ  မတည်ငြိမ်တဲ့နိုင်ငံမျိုးဖြစ်ခဲ့ရင်တော့ ဓာတ်အားခအပေါ် တိုက်ရိုက်သက်ရောက်မှု ပိုမိုလာပါလိမ့်မယ်။

(င) နေစွမ်းအင် အရင်းအမြစ်သဘာဝ

နေရောင်ခြည်များများရလေ ပိုပြီးတွက်ခြေကိုက်လေပါပဲ။ လက်ရှိမြန်မာနိုင်ငံ အလယ်ပိုင်းဒေသထဲက မင်းဘူးဒေသဟာ အတော် အတန်မြင့်မားတဲ့  နေပူချိန်ရှိတယ်ဆိုတာတောင်  တစ်နှစ်လုံး  နေ့စဉ်ပျမ်းမျှ ဓာတ်အားထုတ်နိုင်တဲ့ အချိန်ဟာ ၅ နာရီခွဲသာရှိပါတယ်။ ဆိုလိုတာက စက်စွမ်းရည် ၂၀ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ဆိုတဲ့သဘောပါပဲ။ အချို့အရင်းအမြစ်တွေလောက် စက်ရုံတည်ဆောက်မှု စရိတ် မကြီးမားပေမယ့်ရလာတဲ့ တစ်နှစ်ပတ်လုံးဓာတ်အားနဲ့ချိန်ထိုးရင် ထုတ်လုပ်မှုစရိတ်က ကြီးနေဆဲပါပဲ။ ဒါကြောင့်လည်း မိမိတို့နိုင်ငံမှာ ဓာတ်အားတစ်ကီလိုဝပ်နာရီအတွက် 12 UScent ကျော်နေတာပါ။ (One Dollor = 100 Cents) ဓာတ်အားစနစ် ရောက်ရှိဖို့ ခက်ခဲတဲ့ဒေသတွေ အခုလိုစွမ်းအင်မျိုးတွေ ပိုပြီးအသုံးပြုသင့်ပါတယ်။ Solar Home System တွေသုံးပြီး လူနေမှု အဆင့်ကို မြှင့်ယူလို့ရပါတယ်။ ဒါပေမဲ့ စက်မှုလက်မှုလုပ်ငန်းတွေအတွက်ကတော့ အသေးစားရေအားနဲ့တွဲသုံးရင်  ပိုကောင်းပါမယ်။ အချို့ကလည်း နေစွမ်းအင်ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းတယ်လို့ ပြောကြပါတယ်။ မှန်ပါတယ်။ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးတို့လို စက်ရုံတွေနဲ့   နှိုင်းရင်မှန်ပါတယ်။   စာရေးသူ ရှေ့မှာနှိုင်းယှဉ်ခဲ့သလို   နေစွမ်းအင်သုံး ပစ္စည်းတွေ ဖြစ်ပေါ် လာတဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးက CO2 ထုတ်လွှတ်မှုတွေဟာ လေအား၊ ရေအားတို့ထက် နေအားသုံးစက်ရုံတွေက ပိုမိုထုတ် လွှတ်နေတယ်ဆိုတာလည်း သတိပြုကြရမှာပါ။

(စ) လေစွမ်းအင်သဘာဝအရင်းအမြစ်ရဲ့ သဘာဝ

လေနဲ့ နေဟာ သဘာဝတူတွေပါ။ သဘာဝအခြေအနေပေးမှုဟာ အချိန်နဲ့အမျှပြောင်းလဲနေတဲ့သဘောကြောင့် မတည်ငြိမ်သော ဓာတ်အားကို ထုတ်လွှတ်နေကြတာတွေပါပဲ။ ဒါပေမဲ့ လေဟာ နေ့၊ ည နှစ်မျိုးစလုံး အားထားရပါတယ်။ ဒါကြောင့် စက်စွမ်းအင် ၃၀ ရာခိုင်နှုန်းခန့်ထိရှိလို့ ပိုပြီးအားထားရပါတယ်။ ဓာတ်အားစနစ်နဲ့ချိတ်ဖို့ Wind Farm တွေ ထူထောင်ထားလို့ရပါတယ်။ ဒေသမတူတဲ့ နေရာတွေမှာ Wind Farm တွေရှိနေခြင်းဖြင့် တစ်နေရာဓာတ်အားမရရင် နောက်တစ်နေရာက ဓာတ်အားရနေမှာပါ။

အဓိကပြဿနာက တိုင်မြင့်မြင့်မားမားနဲ့ ဆောင်ရွက်ရတာဖြစ်လို့ တပ်ဆင်ရမယ့်စက်တွေအတွက် ဝန်ချီစက်ကြီးတွေ သုံးကြရပါ တယ်။ ၄ မဂ္ဂါဝပ်လောက် အားရှိတဲ့စက်ကို အမြင့်ပေ ၂၀၀ ကျော်မှာ တပ်ချင်တယ်ဆိုရင်ပဲ အလေးချိန်တန် ၅၀၊ တန် ၁၀၀ လေးတဲ့ Mobile Crane, Crawler Crane  ပစ္စည်းသယ်ယာဉ်တွေ  ဝင်နိုင်ထွက်နိုင်အောင် လမ်းတွေ စီစဉ်ပေးရပါမယ်။ အချို့နိုင်ငံတွေမှာတော့ ပင်လယ်ရေတိမ်တွေမှာ ဆောင်ရွက်ပါတယ်။

လေအားရဲ့ အကန့်အသတ်ကတော့ လေတိုက်နှုန်းပါပဲ။ အနိမ့်ဆုံး လေတိုက်နှုန်းတစ်စက္ကန့်ကို ၁၀ ပေ (3 to 4 Meter/Second) ရှိဖို့လို ပါတယ်။ လေဒလက်အရွယ်အစားနဲ့ တိုင်အမြင့်ပေါ်မူတည်ပြီး အမြင့်ဆုံးတစ်နာရီလေတိုက်နှုန်း မိုင် ၆၀ မှ ၇၀ ထိသာခံနိုင်ပါတယ်။ ဒီထက်ပိုလာရင်တော့ ပျက်စီးတတ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။